Photo – Social Media
ဇူလိုင်၊ ၆
ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းမြို့နယ်တချို့မှာ စစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်နေချိန် အပြန်အလှန် ပစ်ခတ် မှုဖြစ်ခဲ့တာနဲ့ပတ်သက်လို့ မဟာမိတ်တွေဖြစ်တဲ့TNLA နဲ့SSPPတို့အပြန်အလှန်ပြစ်တင်ဝေဖန်နေကြပါတယ်။
UWSA “ဝ”တပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC အဖွဲ့ဝင်တွေဖြစ်သလိုစစ်ရေးမဟာမိတ်တွေလည်းဖြစ်တဲ့ TNLAနဲ့ SSPP တပ်ဖွဲ့ဝင်တွေဟာ မနေ့ ဇူလိုင်၅ရက်မနက်ပိုင်းက သီပေါနဲ့ ကျောက်မဲမြို့နယ်တို့အတွင်း ပစ်ခတ်မှုဖြစ်ခဲ့တာလို့ နှစ်ဖက် ထုတ်ပြန်ချက်တွေအရသိရပါတယ်။
သီပေါမြို့နယ် ကြံခင်း(ရေပူရွာ)အနီးမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း TNLA ဘက်က သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်နေရာ မှာပဲ သေဆုံးခဲ့သလို နောက်ထပ်တပ်ဖွဲ့ဝင်သုံးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့ည ပိုင်းမှာထုတ်ပြန်ပါတယ်။
TNLA ရဲ့ သီပေါမြို့နယ်မှူးဦးဆောင်တဲ့တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)မှာဖမ်းမိခဲ့တဲ့ သုံ့ပန်းတွေကို သယ် ယူပို့ဆောင်လာချိန် ရေပူရွာအနီးအရောက်မှာ SSPP တပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်တာကြောင့် ကားပေါ်မှာပဲ သေဆုံးသွားခဲ့တာလို့ TNLA ဘက်ကပြောပါတယ်။
ဒါပေမယ့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)ကတော့ မနေ့က သီပေါနဲ့ကျောက် မဲမြို့ နယ်အတွင်း နေရာသုံးခုမှာ TNLA တပ်ဖွဲ့ဝင်တွေဘက်က စတင်ပစ်ခတ်တိုက်ခိုက်တာကြောင့် နှစ်ဖက်ပစ်ခတ်မှု တွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။
TNLA တပ်ဖွဲ့ဝင်တွေက SSPP တပ်ဖွဲ့ဝင်တွေကို ကျောက်မဲမြို့နယ် နောင်ပိန်ကြီးနဲ့ လုပ်ပါကျေးရွာတွေ အနီး၊ သီပေါမြို့နယ်မှာတော့ ကြံခင်းကျေးရွာအတွင်းမှာ TNLA တပ်ဖွဲ့ဝင်တွေက စတင်တိုက်ခိုက်ခဲ့တာလို့ SSPP ထုတ် ပြန်ချက်မှာဖော်ပြပါတယ်။
ဒါပေမယ့် နှစ်ဖက်ထုတ်ပြန်ချက်တွေဟာ ကွဲလွဲနေပြီး TNLA ဘက်ကထုတ်ပြန်ချက်မှာတော့ SSPP ဘက်က စ တင်ပစ်ခတ်တာကြောင့် သီပေါမြို့နယ်မှူး ဗိုလ်ကြီးနေအုပ်သေဆုံးသွားရပြီး အဲ့ဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားရင်း နှစ်ဖက်တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။
အရင်က သီပေါနဲ့ ကျောက်မဲမြို့တွေကို TNLA တပ်ဖွဲ့တွေဖြတ်သန်းသွားလာချိန်မှာ အခုလိုပစ်ခတ်မှုတွေမရှိခဲ့ဘူး လို့လည်း TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အလားတူ ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနဲ့ နောင်ပိန်ကြီးကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာကိုလည်း TNLAကအတည်ပြုထားပေမယ့် SSPP ဘက်က စတင်ပစ်ခတ်ထားလို့ ဆိုထားပါတယ်။
နှစ်ဖက် အောက်ခြေတပ်ဖွဲ့ဝင်တွေ နားလည်မှုလွဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်လို့ သက် ဆိုင်တဲ့ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းပြီး ပစ်ခတ်မှုတွေရပ်တန့်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော် ပြပါ တယ်။
SSPP ဘက်ကတော့ အခုလို တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပေါ် ပြဿနာတွေကြီးထွားမလာစေဖို့ အောက်ခြေ တပ်ဖွဲ့ဝင် တွေကို ထိန်းသိမ်းကြပ်မတ်ရေး TNLA တာဝန်ရှိသူတွေဆီ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုရှိပြီး FPNCC အဖွဲ့ဝင် မဟာမိတ်တပ်တွေလည်းဖြစ်ပေမယ့် SSPPနဲ့ TNLA တပ်ဖွဲ့နှစ်ခုကြား အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုတွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်း ကွတ်ခိုင်မြို့နယ်မှာ နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ကြတဲ့နောက် ခေါင်းဆောင်တွေကြား တွေ့ဆုံဆွေးနွေးခဲ့ကြကာ မဟာမိတ်ဆိုင်ရာသဘောတူညီချက်တွေကို စောင့်ထိန်းဖို့၊ တိုက် ပွဲတွေဆက်မဖြစ်ဖို့ သဘောတူခဲ့ကြောင်း အောက်တိုဘာ ၈ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။
ဒါပေမယ့် နောက်ထပ် တလအကြာ နိုဝင်ဘာ ၇ရက် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေပြင်းထန်နေချိန်ကာလအတွင်း မူဆယ်မြို့နယ်မှာနှစ်ဖက် ပဋိပက္ခထပ်ဖြစ်ခဲ့ပါသေးတယ်။
အဲ့ဒီပဋိပက္ခအတွင်း TNLA တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့သလို SSPP ဘက်က လည်း မြို့နယ်မှူးနဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။