သရက်ချောင်းမြို့နယ်က Non CDM ဆရာမ ငါးဦးကို ပကဖ အဖွဲ့တခုဖမ်းဆီးထား

Photo – Social Media

ဇူလိုင်၊ ၅ 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဆိတ်ချောင်းရွာက Non CDM ဆရာမ ငါးဦးကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့ဝင်ဖြစ်တဲ့ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပကဖ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ 

“ဖမ်းဆီးတယ်ဆိုတာထက် ထိန်းသိမ်းထားတယ်ပေါ့နော်၊ ပြည်သူဘက် ရပ်တည်မလား၊ အဲဒါအတွက် ခေါ်ယူတွေ့ဆုံပြီးတော့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောဆိုစည်းရုံးပြီးတော့ လုပ်သွားဖို့ အစီအစဥ်တော့ ရှိပါတယ်” လို့ သရက်ချောင်းမြို့နယ် ပကဖ တာဝန်ခံက DNA ကို ပြောပါတယ်။ 

CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ လက်ရှိအချိန်ထိ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တာကြောင့် အခုလို ဖမ်းဆီးထိန်းသိမ်းရတာလို့လည်း သူက ပြောပါတယ်။ 

အဲဒီဆရာမ ငါးဦးကို သူတို့ရဲ့ နေအိမ်အသီးသီးမှာပဲ ဇွန်လ ၂၆ ရက်နေ့မှာ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့ကနေ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုးရက်အကြာ ဒီကနေ့ ဇူလိုင် ၅ ရက်၊ မနက်ပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။ 

ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ Dawei Watch ရဲ့ သတင်းမှာတော့ အဲဒီဆရာမ ငါးဦးဟာ ရွာမှာ စာသင်ကျောင်းဖွင့်လှစ်သင်ကြားနေတာမဟုတ်ဘဲ ကျူရှင်၊ စာသင်ဝိုင်းပုံစံနဲ့ ရွာက ကလေးတွေကို စာသင်ပေးနေတာလို့ ဒေသခံတွေ ပြောဆိုထားတာကို တွေ့ရပါတယ်။ 

အဖမ်းခံထားရတဲ့ ငါးဦးထဲ ကိုယ်ဝန် ခုနစ်လ ရှိတဲ့ ဆရာမတဦးလဲ ပါဝင်ပြီး ငါးဦးစလုံးရဲ့ ကျန်းမာရေး၊ လုံခြုံရေးအတွက်တော့ တတ်နိုင်သမျှ ပံ့ပိုးပေးထားတယ်လို့လည်း သရက်ချောင်းမြို့နယ် ပကဖ တာဝန်ခံက ဆိုပါတယ်။ 

“နှစ်ချက်ပဲ မေးခွန်းထုတ်မယ်၊ ပြည်သူဘက် ရပ်တည်မလား၊ စစ်တပ်ဘက်မှာရပ်တည်မလား၊ ပြည်သူဘက်ရပ်တည်မယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်တွေကို တထောင့်တနေရာကနေ ကူညီပေးလို့ရတာပေါ့” လို့လည်း သရက်ချောင်းမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။ 

လက်ရှိမှာတော့ အဲဒီ ဆရာမ ငါးဦးနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး CDM မလုပ်ပါက နယ်နှင်ဒဏ်ပေးတာမျိုး လုပ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။ 

တနင်္သာရီတိုင်း ပကဖ တာဝန်ခံ ကိုစတားကတော့ အဲဒီ ဆရာမ ငါးဦးကို ဖမ်းဆီးတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ မူဝါဒအတိုင်းဆောင်ရွက်ချက်သာဖြစ်တယ်လို့ ဆိုပါတယ်။ 

“အဲဒီဆရာမ ငါးဦးသည် စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို လည်ပတ်နေတယ်ပေါ့ဗျာ၊ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်နေတယ်၊ အဲဒီလူတွေကို (စစ်ကောင်စီယန္တရားကို)ထောက်ပံ့ပေးနေတယ်ဆိုတဲ့ဟာနဲ့ ကျနော်တို့က အရေးယူလို့ရတယ်၊ ဒါပေမယ့် ပညာရေးဝန်ထမ်းဖြစ်တဲ့အတွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့အခါကျတော့ သူတို့ကို ခေါ်ပြီးတော့ သတိပေးတယ်၊ ခံဝန်ထိုးတယ် ဒါလေးတွေ ကျနော်တို့ လုပ်လို့ရတယ်” လို့ ကိုစတားက ပြောပါတယ်။ 

အခုလို ဖမ်းဆီးခံခဲ့ရတဲ့ ဆရာမငါးဦးဟာ အဖမ်းမခံရခင်ကလည်း CDM ပြုလုပ်ဖို့ ဖိအားပေးခံခဲ့ရသေးတယ်လို့သိရပါတယ်။ 

အလားတူပဲ ပြီးခဲ့တဲ့ နှစ်ကလည်း ဆိတ်ချောင်းရွာအနီးရှိ ကတွဲရွာက CDM ကျောင်းဆရာမတချို့ကို ရွာထဲမှာ စာမသင်ကြားဖို့ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့က ဖိအားပေးခံဝန်ထိုးခိုင်းခဲ့ဖူးပြီး ခံဝန်ထိုးဖို့နောက်ကျတဲ့ ဆရာမတဦးကိုလည်း ခုနစ်လကျော်ကြာဖမ်းဆီးထားခဲ့တယ်လို့ Dawei  Watch ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ 

“ကျနော်တို့ကတော့ တားမယ်၊ ခေါ်ယူပြီးတော့ ထိန်းသိမ်းမယ်၊ ခံဝန်ထိုးမယ်၊ ပကဖ အပိုင်းကတော့ အဲဒါလောက်ပဲလုပ်ပါတယ်၊ တရားစွဲဆိုတဲ့အပိုင်း လိုအပ်ရင်တော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုလွှဲပေးတယ်၊ သူတို့ကတော့ မူဝါဒအရ တရားစွဲဖို့လိုအပ်ရင် စွဲမယ်၊ ခံဝန်နဲ့ပဲ ပြီးမယ်ဆိုရင်လည်း ပြီးမယ်ပေါ့ဗျာ” လို့လည်း တိုင်း ပကဖ တာဝန်ခံက DNA ကို ပြောပါတယ်။

ထားဝယ်ခရိုင်ထဲရှိ တော်လှန်ရေးအင်အားစုတချို့ကတော့ အခုလို ဖမ်းဆီးမှုကို ဝေဖန်တာတွေလည်းရှိနေပါတယ်။ 

“CDM လုပ်တယ်ဆိုတာ ကိုယ့်သဘောနဲ့ကိုယ် လုပ်ရတဲ့လှုပ်ရှားမှုပဲ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ အတင်းဖိအားပေးသွားလုပ်ခိုင်းနေလို့ဘယ်ရမလဲ၊ နောက်ပြီး ဒါက လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာပဲ” လို့ အမည်မဖော်လိုတဲ့ ထားဝယ်တော်လှန်ရေးအဖွဲ့တခုက အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

တိုင်း ပကဖ တာဝန်ခံ ကိုစတားကတော့ နယ်မြေအလုံးစုံ မထိန်းချုပ်နိုင်သေးတဲ့ နေရာတွေမှာ အခုလို ဖိအားပေးဆောင်ရွက်ရတာဖြစ်တယ်လို့  တုံ့ပြန်ပါတယ်။

“ပညာသင်ကြားနေတယ်ဆိုပေမယ့် အဲလောက်မရိုးရှင်းပါဘူး၊ စစ်ကောင်စီရဲ့ ဆရာ၊ ဆရာမတွေကနေတဆင့် နယ်မြေဒေသ သတင်းတွေ(ရယူတာ)၊ ဒါတွေက ဖြစ်နေကျပါ၊ ဒီလိုအနေအထားတွေလည်းရှိတော့ ကျနော်တို့က နည်းနည်းဖိအားပေးရတာ၊ ဆရာမတွေကို ဖမ်းတယ်ဆိုတဲ့သတင်းကတော့ ကြားရတာ သိပ်မကောင်းဘူးပေါ့ဗျာ” လို့ ကိုစတားက ဆိုပါတယ်။ 

တော်လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းတဲ့ ထားဝယ်ခရိုင်ထဲမှာ အခုလို ပညာရေးဝန်ထမ်းတွေအပါအဝင် Non CDM ဝန်ထမ်းတွေကို ကာကွယ်ရေးတပ်တွေက ဖမ်းဆီးတာ၊ ဖိအားပေးပြီး CDM လုပ်ခိုင်းတာတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကပဲ ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ဆရာကြီးနဲ့ ဌာနမှူးနှစ်ဦးကို ဗထူးတပ်မတော်က ကျောင်းဝင်းအတွင်း သွားရောက်ဖမ်းဆီးခဲ့ဖူးပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းကလည်း ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာမကြီးအပါအဝင် ခုနစ်ဦးကို လောင်းလုံး ပကဖ က သွားရောက်ဖမ်းဆီးခဲ့ပါသေးတယ်။ 

သူတို့ ဆယ်ဦးစလုံးကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပေမယ့် ဘယ်လိုကန့်သတ်ချက်တွေနဲ့ လွှတ်ပေးတာလဲဆိုတာကိုတော့ အတိအကျမသိရပါဘူး။ 

တဖက်မှာလည်း စစ်ကောင်စီက ထားဝယ်ခရိုင်အတွင်းရှိ CDM ဝန်ထမ်းတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ကြားကာလပညာရေးအကော်ထည်ဖော်မှုမှာ ပါဝင်နေသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း လုပ်လေ့ရှိပါတယ်။