Floppy Diskတွေ အသုံးပြုမှုကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ဂျပန်အစိုးရ ကြေညာ

ဇူလိုင်၊ ၄

ကွန်ပျူတာကနေ အချက်အလက်တွေ ကူးယူရာမှာ Floppy Diskတွေ အသုံးပြုမှုကို အဆုံးသတ်စေနိုင်ခဲ့ပြီလို့ ဂျပန် အစိုးရက အခုသီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။

အချက်အလက်တွေ ကူးယူရာမှာ ပိုမြန်ဆန်တဲ့ USB Driveတွေ၊ Portable HDDတွေနဲ့ SSDတွေ ပေါ်ထွန်းလာနေပေမယ့် ဂျပန်ရဲ့ ဗျူရိုကရက်တစ် လုပ်ထုံးလုပ်နည်းတွေအရ အချက်အလက်တွေကို Floppy Diskတွေနဲ့ ကူးယူရတဲ့ ညွှန်ကြားချက်တွေက ဆက်လက် အမြစ်တွယ်နေခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု ယန္တရားတွေကို ခေတ်နဲ့အညီ မွမ်းမံပြင်ဆင်ဖို့အတွက် Floppy Diskတွေ အသုံးပြုမှုကို တခန်းရပ်စေမယ်လို့ ဂျပန် အစိုးရက ကြွေးကြော်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ဖြစ်ပါတယ်။ အခုတော့ အဲဒီ ရည်မှန်းချက် တကယ်ပဲ အထမြောက်ခဲ့ပြီလို့ ဂျပန် အစိုးရက ကြေညာခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာ ဂျပန်ဟာ Floppy Diskတွေနဲ့ ဆင်နွှဲတဲ့ စစ်ပွဲကို အနိုင်တိုက်နိုင်ခဲ့ပြီလို့ ဒစ်ဂျစ်တယ်ဝန်ကြီး တာရိုကိုနိုက အရွှန်းဖောက်စကားဆန်ဆန်နဲ့ ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်ဟာ ကမ္ဘာပေါ်မှာ နည်းပညာ အဖွံ့ဖြိုးဆိုး နိုင်ငံတွေထဲက တခုဖြစ်ပေမယ့်လည်း ရုံးလုပ်ငန်းတွေကို ခေတ်နဲ့အမီ မွမ်းမံ အဆင့်မြှင့်တဲ့ လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးမှုတွေ အမျိုးမျိုး ကြုံခဲ့ပါတယ်။ အဲဒီထဲမှာ Floppy Diskတွေ အသုံးပြုမှုကို အရိုးစွဲနေခြင်းကလည်း တခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

ကိုးကား: Reuters