ပျောက်ဆုံးနေတဲ့ အင်ဒိုနီးရှား အမျိုးသမီးရဲ့ အလောင်းကို စပါးအုံးမြွေ ဝမ်းဗိုက်ထဲမှာရှာတွေ့ 

ဇူလိုင်၊ ၄

အင်ဒိုနီးရှားမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီး တဦးရဲ့ အလောင်းကို စပါးအုံးမြွေ ဝမ်းဗိုက်ထဲကနေ ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းက တောင်ပိုင်းဆူလာဝေဆီ ဒေသမှာ အခုဖြစ်စဉ်ဟာ စပါးအုံးမြွေကြောင့် လူသေတဲ့ အခြေအနေမျိုး တလအတွင်း ဒုတိယအကြိမ် ကြုံတွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆီရီရာတီဟာ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက ဖျားနေတဲ့ ကလေးအတွက် ဆေးဝယ်ဖို့ ထွက်သွားပြီးတဲ့နောက် အိမ်ပြန်ရောက်မလာတော့ပါဘူး။ ဒါကြောင့် ဆွေမျိုးသားချင်းတွေက အပူတပြင်း လိုက်ရှာခဲ့ပါတယ်။

နောက်တော့ ခင်ပွန်းဖြစ်သူ အသက် ၃၀ အရွယ် အေဒီယန်ဆာက ဆီရီရာတီရဲ့ ဖိနပ်တွေနဲ့ ဘောင်းဘီ အစိတ်အပိုင်းတွေကို ဆီတီဘီ ရွာထဲက နေအိမ်နဲ့ ကိုက် ၅၀၀ လောက် အကွာမှာ ရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက် မလှမ်းမကမ်းမှာ ၁၀ မီတာရှည်တဲ့ မြွေကိုပါ သူက တွေ့ခဲ့ပြီး ​မြွေက အသက်ရှင်လျက် ရှိနေသေးတယ်လို့ ဇူလိုင် ၃ ရက်နေ့ သတင်းစာ ရှင်းလင်းမှုမှာ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ အီဒူလ်က ပြောကြားခဲ့ပါတယ်။

အေဒီယန်ဆာက မြွေရဲ့ ဝမ်းဗိုက်ဟာ မသင်္ကာစရာ ဖောင်းကားနေတာကို သတိပြုမိခဲ့တဲ့နောက် ရွာသားတွေကို ပြန်ခေါ်ပြီး မြွေကိုသတ်၊ ဝမ်းဗိုက်ကို ခွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခါမှ ဆီရီရာတီရဲ့ အလောင်းကို မြွေဗိုက်ထဲကနေ ရှာတွေ့ခဲ့ကြပါတယ်။

တကယ်တော့ အခုလို ဖြစ်စဉ်မျိုးမှာ အတော်ကြီး ရှားပါးတယ်လို့ ဆိုနိုင်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း အာရှတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်း နိုင်ငံတချို့မှာ လူကို စပါးအုံးမြွေ မျိုတဲ့ သတင်းတွေ ရံဖန်ရံခါ ကြားလာရပါတယ်။ ပြီးခဲ့တဲ့လကတင် တောင်ပိုင်း ဆူလာဝေဆီက တခြားခရိုင်တခုမှာ အမျိုးသမီးတဦးရဲ့ အလောင်းကို စပါးအုံးမြွေ ဝမ်းထဲကနေ ရှာတွေ့ခဲ့ပါတယ်။

မနှစ်တုန်းကလည်း အဲဒီဒေသမှာပဲ လယ်သမား တယောက်ကို ရစ်ပတ်သတ်ဖြတ်ပြီး မျိုဖို့ကြိုးစားနေတဲ့ ၈ မီတာရှည်တဲ့ စပါးအုံးမြွေ တကောင်ကို ရွာသားတွေက သတ်ဖြတ်ခဲ့ပါတယ်။

၂၀၁၈ တုန်းကလည်း အသက် ၅၄ နှစ်အရွယ် အမျိုးသမီးကြီး တဦးကို ဆူလာဝေဆီ အရှေ့တောင်ပိုင်း မူနာဒေသမှာ ၇ မီတာရှည်တဲ့ စပါးအုံးမြွေ ဝမ်းထဲ သေဆုံးလျက်သား တွေ့ရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင် တနှစ်တုန်းကလည်း အနောက် ဆူလာဝေဆီမှာ ပျောက်ဆုံးနေတဲ့ လယ်သမား တဦးကို ၄ မီတာရှည်တဲ့ စပါးအုံးမြွေက မျိုပြီး ဆီအုန်းစိုက်ခင်းထဲ ပုန်းခိုနေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြဖူးပါတယ်။

Ref: CAN