မန္တလေးတိုင်းက သံဃာတွေလည်းစစ်ကောင်စီကို ကံဆောင်သပိတ်မှောက်မှုမှာပါဝင်လာ

Photo – Social Media

ဇူလိုင်၊ ၄

အာဏာသိမ်းစစ်ကောင်စီကို သံဃာတော်တွေရဲ့ ပတ္တနိကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုမှာ မန္တလေးတိုင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တို့က သံဃာတော်တွေလည်းပါဝင်လာပြီး မနေ့ကအထိ သံဃာတွေကံဆောင်တဲ့မြို့နယ်၁၉ ခု အထိရှိလာပါတယ်။

မန္တလေးတိုင်းမြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တို့က သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိကုဇ္ဇနကံဆောင် သ ပိတ်မှောက်ကြောင်း မနေ့က စီတန်းကြွချီဆန္ဒပြခဲ့ကြပါတယ်။ 

ဒီမြို့နယ်နှစ်ခုအပါအဝင် မနေ့ကအထိ စစ်ကိုင်း၊မန္တလေး၊မကွေး၊တနင်္သာရီ၊မန္တလေး စတဲ့ တိုင်းဒေသကြီးလေးခုက မြို့နယ် ၁၉ခုမှာရှိတဲ့ သံဃာတွေကို စစ်ကောင်စီကိုကံဆောင်သပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲကချောင်းဦး၊ဒီပဲယင်း၊တန့်ဆည်၊ဆားလင်းကြီး၊မုံရွာ၊စစ်ကိုင်း၊အရာတော်၊ဘုတလင်၊မြင်းမူ၊ရေဦး၊ဝက်လက်၊ကနီ စတဲ့ မြို့နယ် ၁၂ခုက သံဃာတွေက စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်မှု တွေပြုလုပ်ထားပါတယ်။

အလားတူ မကွေးတိုင်းမှာတော့ ဆိပ်ဖြူ၊ပေါက်၊ပခုက္ကူ၊မြိုင်မြို့နယ်တို့က သံဃာတော်တွေ၊တနင်္သာရီတိုင်း ထား ဝယ်မြို့နယ်တို့က သံဃာတော်တွေနဲ့ မန္တလေးတိုင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တို့က သံဃာတွေက ဇန်နဝါရီ ၂၃ရက်ကနေ မနေ့ကအထိ ပတ္တနိ ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

“ရဟန်းသံဃာကိုသတ်ဖြတ်ခြင်းဆိုတဲ့အကြောင်းတရားရယ်၊သံဃာကိုကွဲပြားအောင်လုပ်ခြင်းဆိုတဲ့ကံရယ်၊ရဟန်းသံဃာရဲ့အကျိုးမဲ့ကိုလုပ်ခြင်းဆိုတဲ့အကြောင်းရယ်ကို လုပ်ဆောင်နေတဲ့အတွက် ဒီပုဂ္ဂိုလ်တွေနဲ့ မဆက်ဆံခြင်း မူကို ဗုဒ္ဓရဲ့အဆုံးအမ ဓမ္မဝိနယနဲ့ ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်”လို့ သံဃာတွေကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက်က ဆရာတော်ဦးဝါယမက မိန့်ပါတယ်။

လက်ရှိ စစ်ကောင်စီစိုးမိုးဒေသတွေမှာရှိတဲ့  သံဃာတော်တွေအနေနဲ့လည်း ပတ္တနိကုဇ္ဇနကံဆောင်သပိတ် မှောက် မှုကို ကိုယ်တိုင်ထုတ်ဖော်မပြသနိုင်တဲ့တိုင် သပိတ်မှောက်မှုကိုသဘောတူညီပြီး စစ်အုပ်စုနဲ့ အဆက်အဆံမလုပ် ဘူးဆိုရင် ကံဆောင်မှုမြောက်တယ်လို့လည်း ဆရာတော်က ဆက်လက်ရှင်းပြပါတယ်။

“တိုင်းပြည်နဲ့ရဟန်းသံဃာတွေကိုသတ်ဖြတ်တဲ့အာဏာလုနဲ့လက်ပါးစေတွေကိုမဆက်ဆံခြင်းဆိုတဲ့အရာကိုသိမ်ထဲမှာကံဆောင်တယ်၊ကျန်တဲ့ရဟန်းသံဃာတွေက ဒီပုဂ္ဂိုလ်တွေနဲ့မဆက်ဆံတဲ့မူကိုသဘောတူတယ်ဆိုလို့ရှိရင် ဒါဟာပတ္တနိကုဇ္ဇနကံဆောင်တာကို သဘောတူတယ်လို့ဆိုခြင်းဖြစ်ပါတယ်၊လမ်းပေါ်ထွက်ဆန္ဒပြခြင်းကိုဆိုလို တာမဟုတ်ဘူး”လို့လည်း ဆက်လက်မိန့်ကြားပါတယ်။

ပဲခူးမြို့က ထင်ရှားတဲ့ စာချ၊ကျမ်းပြု ဆရာတော် ဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ ဇွန်လ ၁၉ရက်က ပျံလွန်ခဲ့ပြီးနောက် အခုလို ကံဆောင်သပိတ်မှောက်မှုတွေဆက်တိုက်ပေါ်ပေါက် လာတာဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ဟာ ကံသုံးဆင့်ဆရာတော်နဲ့အတူ မန္တလေးမြို့မှာကျင်းပမယ့် ရွှေကျင်နိကာယ ဗဟို အစည်းအဝေးသွားရင်း ကံသုံးဆင့်ဆရာတော်ရဲ့ဇာတိ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီးမှာ ပစ်ခတ်ခံရမှုနဲ့ကြုံကာ ပျံလွန်တော်မူခဲ့တာပါ။

ဆရာတော်ပျံလွန်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက PDF တွေလက်ချက်လို့ ကနဦးထုတ်ပြန်ပေမယ့် ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကံသုံးဆင့်ဆရာတော်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်ဖြစ်ကြောင်း ဖြစ်စဉ်အပြီး နောက်တ ရက်မှာ သံဃာတော်တွေ ကိုရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး စစ်ဆေးဖော်ထုတ်မယ်လို့ဆိုထားသလို အာဏာသိမ်း စစ်ခေါင်းဆောင်က သာသနာရေးဝန်ကြီးကိုစေလွှတ်ပြီး ကိုယ်စားတောင်းပန်ခိုင်းခဲ့တာရှိပေမယ့် ဝင်းနိမ္မိတာရုံ ဆရာတော်ပျံလွန်စေမှုအတွက် စစ်ဆေးအရေးယူမှုအခြေအနေကို ဒီကနေ့အထိ ထုတ်ပြန်တာမရှိသေးပါဘူး။