စဉ့်ကူးမြို့နယ်ထဲက စခန်းခြောက်ခုကိုသိမ်းပိုက်ထားပြီလို့ MDY-PDFပြော

ဇူလိုင် ၊ ၃
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အရှေ့ခြမ်းကစစ်ကောင်စီစခန်းခြောက်ခုကိုသိမ်းပိုက်ထားပြီး လက် နက်လေးဆယ်ကျော်နဲ့ သုံ့ပန်း ၁၃ဦးဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MDY-PDF ကဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။
 
TNLAပူးပေါင်းတပ်တွေနဲ့အတူ ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းထိစပ်မြို့နယ်တွေမှာ ပါဝင်တိုက်ခိုက်နေတဲ့တချိန်တည်းမှာ MDY-PDF က မတ္တရာ၊စဉ့်ကူးမြို့နယ်တွေမှာလည်းစခန်းသိမ်းတိုက်ပွဲတွေဆဖာ်ဆောင်နေတာဖြစ်ပါတယ်။
 
စဉ့်ကူးမြို့နယ်ထဲမှာတော့ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နဲ့နွယ်ရုံ ရဲစခန်း တို့ကို သိမ်းပိုက်ထားတာလို့ MDY-PDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီစခန်းတွေဟာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စဉ့်ကူးမြို့အရှေ့ဘက် မာလဲဆည်အနီးတဝိုက်ရှမ်းပြည်နယ်နဲ့ မန္တ လေးတိုင်း အစပ်ဒေသတွေနဲ့မန္တလေး-မိုးကုတ်လမ်းတလျောက်မှာရှိတာဖြစ်ပါတယ်။
 
အဲ့ဒီစခန်းတွေရဲ့မြောက်ဘက်မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာရှိတဲ့ ချောင်းကြီးရွာ ရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။
 
ချောင်းကြီးရဲစခန်းက စစ်ကောင်စီလပ်အောက်ခံစခန်းမှူးဆိုသူကို တော်လှန်ရေးအင်အားစုတွေက လက်နက်ချဖို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့တယ်ဆိုတဲ့အသံဖိုင်တခုလည်း အခုရက်ပိုင်းအတွင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ်တို့မှာပျံ့နှံ့နေတာရှိပါတယ်။
 
ဒီအသံဖိုင်ထဲမှာတော့ စစ်ကောင်စီစခန်းမှူးဆိုသူက လက်နက်ချဖို့ငြင်းဆန်ထားပြီး တိုက်ပွဲကြောင့် ရွာထဲထိခိုက်လာရင် တော်လှန်ရေးအင်အားစုတွေရဲ့တာဝန်လို့ပြန်လည်ပြောဆိုထားပါတယ်။
MDY-PDF ရဲ့ ဒီကနေ့ထုတ်ပြန်ချက်ထဲမှာတော့ စဉ့်ကူးမြို့နယ်ထဲက သတ်မှတ်ထားတဲ့စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုတွေမှာ MDY-PDF နဲ့အတူ စဉ့်ကူးမြို့နယ်ပကဖ က ထောက်ပို့ဆိုင်ရာကိစ္စတွေ ကူညီပေးနေတယ်လို့လည်း သိရပါတယ်။
 
Photo MDY-PDF