ဘိုလီးဗီးယားမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်

ဇွန်၊ ၂၉

မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဘိုလီးဗီးယား စစ်ဗိုလ်ချုပ်ကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်ထားလိုက်တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ ရက်နေ့တုန်းက ဘိုလီးဗီးယား ကြည်းတပ်ရဲ့ အကြီးအကဲဟောင်းဖြစ်သူ ဟွမ်ဟိုဆေး ဇူနီဂါ ဦးဆောင်တဲ့ စစ်သားတွေဟာ လာပက်ဇ်မြို့တော်မှာရှိတဲ့ သမ္မတ အိမ်တော်နဲ့ အစိုးရ ရုံးတွေကို ဝန်းရံပိတ်ဆို့ပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ လူးဝစ်အာ့စ် ခန့်အပ်ထားတဲ့ ကြည်းတပ် စစ်ဦးစီးချုပ်ရဲ့ အမိန့်ကို ဇူနီဂါ လက်အောက်ခံ တပ်ဖွဲ့တွေက ပြောင်းလဲ နာခံပြီး တပ်တွေ ပြန်ဆုတ်သွားတဲ့နောက် အာဏာသိမ်းမှု မအောင်မြင်ခဲ့သလို ဇူနီဂါလည်း အဖမ်းခံခဲ့ရပါတယ်။

သူနဲ့အတူ ကြံရာပါ တဒါဇင်ကျော်လောက်ကိုပါ ဖော်ထုတ် ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဘိုလီးဗီးယား အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ ဇူနီဂါဟာ အကြမ်းဖက်မှု စွပ်စွဲချက်နဲ့ စွဲချက်တင်ခြင်း ခံလိုက်ရပြီလို့ ထိပ်တန်း အစိုးရရှေ့နေ တဦးက သတင်းထောက်တွေဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းဖို့ အားထုတ်မှု အတောအတွင်း စစ်သုံး သံချပ်ကာယာဉ် တစီးဟာ သမ္မတအိမ်တော် တံခါးကို တိုက်ပြီးဖွင့်ဖို့ အားထုတ်တဲ့ အခြေအနေမျိုးကိုပါ တွေ့ခဲ့ရပါတယ်။

တချိန်တည်းမှာပဲ အခု အာဏာသိမ်းမှုဟာ သမ္မတ အာ့စ်ကိုယ်တိုင်က သူ့ရဲ့ လူထုထောက်ခံမှု ကျဆင်းနေတဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ နောက်ကွယ်ကနေ ခိုင်းစေခဲ့တာဆိုတဲ့ စွပ်စွဲမှုတွေလည်း ဘိုလီးဗီးယားမှာ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ အစိုးရကတော့ အဲဒီ စကားတွေဟာ အခြေအမြစ် ကင်းမဲ့လွန်းတယ်လို့ တုံ့ပြန်ထားပါတယ်။

ဇူနီဂါကို စွဲချက်တင်ထားတဲ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်ကနေ နှစ် ၂၀ ထိ ချမှတ် ခံရနိုင်ခြေ ရှိပါတယ်။ ဇူနီဂါဟာ လက်နက်ကိုင် ပုန်ကန်မှုနဲ့လည်း သီးခြား စွဲချက်တင်ခံရဖို့ ရှိနေပြီး အဲဒီ ပြစ်ဒဏ်ကလည်း ထောင်ဒဏ် ၅ နှစ်ကနေ ၁၅ နှစ်ကြားထိ ကြုံတွေ့သွားစေနိုင်ပါတယ်။

ဇူနီဂါက သူဟာ သမ္မတ အာ့စ်ရဲ့ အမိန့်တရပ်ကို လိုက်နာခဲ့တာသာ ဖြစ်တယ်လို့ ထုတ်ပြောထားပြီး အာ့စ်ကိုယ်တိုင်ကတော့ အာဏာသိမ်းတဲ့ကိစ္စအကြောင်း သူဘာမှ မသိကြောင်း ငြင်းဆိုထားပါတယ်။ လောလောဆယ်မှာတော့ အာ့စ်ဟာ အာဏာသိမ်းမှုကို တွန်းလှန်နိုင်ပြီး ဒီမိုကရေစီကို ကာကွယ်ပေးခဲ့သူအဖြစ် လူထုထောက်ခံမှု တဟုန်ထိုး မြင့်တက်လာတဲ့ အခြေအနေမျိုး ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

Ref: AP