နောင်ချိုက အမြောက်တပ်ရင်းနဲ့ တပ်စခန်းတခုကို TNLA  ထပ်မံသိမ်းပိုက်

Photo – TNLA

ဇွန်၊ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက စစ်ကောင်စီတပ်ရဲ့ အမှတ် ၆၀၆ အမြောက်တပ်ရင်း(အမတ)နဲ့ အုမ္မခါးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ ပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ တအာင်းတပ်(PSLF/TNLA) က ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့ တောင်ဘက် တမိုင်အကွာမှာရှိတဲ့ အမတ ၆၀၆ တပ်ရင်းစခန်းကို TNLA နဲ့ ပူးပေါင်းတပ်တွေ က အရင်ရက်တွေကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ သိမ်းပိုက် နိုင်လိုက်တာလို့ သိရပါတယ်။

အဲဒီ တပ်ရင်းကို သိမ်းပိုက်ပြီး ငါးမိနစ်လောက်အကြာမှာပဲ စစ်ကောင်စီတပ်က Y 12 လေယာဥ်နဲ့ လာရောက်ဗုံးကြဲ ခဲ့တယ်လို့ TNLA ဘက်က ပြောပေမယ့် ထိခိုက်မှုအခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။

နောင်ချိုမြို့နဲ့ ခုနစ်မိုင်လောက်အကွာ နောင်ချို-ပြင်ဦးလွင် ကားလမ်းပေါ်က အုမ္မခါးရွာမှာ တပ်ချထားတဲ့ စစ် ကောင်စီတပ်စခန်းကိုတော့ မနက် ၁၀ နာရီလောက်မှာ အပြီးသိမ်းပိုက်လိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တက္ကသိုလ်(DSA)နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) တို့ တည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ မိုင်သုံးဆယ် လောက်သာ ဝေးတဲ့ နောင်ချိုမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီး မနေ့ ဇွန်လ ၂၆ ရက် နေ့ကတည်းက မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

နောင်ချိုမြို့နဲ့အနီးဝန်းကျင်မှာ စစ်ကောင်စီ အခြေစိုက်တပ်ရင်း သုံးရင်းရှိတဲ့ အနက် ခြေမြန်တပ်ရင်း(ခမရ) ၁၁၅ ကိုတော့ TNLA နဲ့ ပူးပေါင်းတပ်တွေ မနေ့ကတည်းက သိမ်းပိုက်နိုင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာက အမတ ၆၀၆ ကို ထပ်မံသိမ်းပိုက်နိုင်လိုက်တာပါ။

လက်ရှိမှာတော့ နောင်ချိုမြို့အနောက်ဘက် နှစ်မိုင်လောက်အကွာ TNLA သိမ်းပိုက်ထားတဲ့ ခမရ ၁၁၅ အနီးမှာရှိ တဲ့ နောက်ဆုံးလက်ကျန် ခမရ ၁၁၄ ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ ခမရ ၁၁၄ တိုက်ပွဲအတွင်း Y 12 လေယာဥ်၊ ဂျက်ဖိုက်တာတို့နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့လည်း TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

အလားတူ ဒီကနေ့ မနက်ပိုင်းမှာပဲ မိုးကုတ်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ ကျောက်မဲမြို့ အပြင်ဘက် က စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကို TNLA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲမှာ ဇွန်လ ၂၅ ရက်က တဖန်စတင်တဲ့ တကျော့ပြန်ထိုးစစ် သုံးရက်လောက်အတွင်း စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း သုံးဆယ်လောက်ကို TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို နောင်ချိုနဲ့ ကျောက်မဲမြို့ပေါ် ဧရိယာတွေကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။