မြန်မာစစ်တပ် လက်နက်တွေ ဆက်ဝယ်နိုင်အောင် နိုင်ငံခြားဘဏ်တချို့ အကူအညီပေးနေ

ဇွန်၊ ၂၇

မြန်မာစစ်တပ်က ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ် ကျူးလွန်နိုင်အောင် စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ ဝယ်ယူနိုင်ရေးအတွက် နိုင်ငံခြားဘဏ် တချို့က ကူညီပေးနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ထုတ်ပြန်ခဲ့ပါတယ်။

Death Trade: How Banks and Governments Enable the Military Junta in Myanmarလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာဟာ မြန်မာစစ်တပ်က နှစ်အလိုက် စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေကို ပြည်ပက ဝယ်ယူတဲ့ ပမာဏတွေ၊ ငွေကြေးလွှဲပြောင်း ပေးချေမှုတွေကို စုစည်း ဖော်ပြထားတာပါ။ အင်ဒရူးက အဲဒီ စစ်လက်နက်တွေကို အာဏာသိမ်း စစ်တပ်က တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ဖို့ အတွက်ရော၊ အရပ်သား ပြည်သူတွေအပေါ် ရန်လို ဖိနှိပ်ဖို့ အတွက်ပါ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

အင်ဒရူးရဲ့ အစီရင်ခံစာထဲမှာတော့ နိုင်ငံ ၇ ခုက ဘဏ် ၁၆ ခုဟာ စစ်တပ်ရဲ့ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ ဝယ်ယူမှုကို လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း အကူအညီ ပေးခဲ့ပြီး တခြားဘဏ် ၂၅ ခုကတော့ စစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အစိုးရ ဘဏ်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လက်တွဲ အလုပ်လုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

သူက နိုင်ငံတကာ ဘဏ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှု အကူအညီတွေကြောင့် စစ်တပ်ဟာ လိုအပ်တဲ့ လက်နက် အရင်းအမြစ်တွေကို ဆက်လက် ဝယ်ယူနေနိုင်ပြီး မြန်မာပြည်သူတွေအပေါ် ဆိုးရွားကြမ်းကြုတ်တဲ့ ရက်စက်မှုတွေ ဆက်လက် ကျူးလွန်နေနိုင်ကြောင်း ထောက်ပြထားပါတယ်။ မြန်မာစစ်တပ်၊ စစ်တပ် လက်အောက်ခံ ဘဏ်တွေနဲ့ အတူလက်တွဲ အလုပ်လုပ်နေတဲ့ ဘဏ်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ တခြား အကြမ်းဖက်မှုတွေကို ပံ့ပိုးပေးနေတဲ့ အခြေအနေကို ရပ်တန့်သင့်ကြောင်းလည်း သူက ဆိုပါတယ်။

အရင်တနှစ်ကနဲ့ ယှဉ်ရင် စစ်တပ်ဟာ တရားဝင် ဘဏ်လုပ်ငန်းစဉ်တွေကနေ စစ်လက်နက် ဝယ်ယူမှုအတွက် ငွေပေးချေမှုတွေဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ သုံးပုံတပုံ လျော့ကျသွားပြီး ဒေါ်လာ ၃၇၇ သန်းကနေ ၂၅၃ သန်းဆီ ကျဆင်းသွားတယ်လို့လည်း အင်ဒရူးရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့ထားတဲ့ သတ်မှတ်ချက်တွေမှာ ဟာကွက်တွေ ရှိနေဆဲဖြစ်ပြီး အဲဒါတွေကို ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းတွေနဲ့ ဘဏ်တချို့က အသုံးချနေတာလို့ သူက ထောက်ပြခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ အရေးကြီးတဲ့ အချက်တခုအဖြစ် စင်ကာပူ အစိုးရရဲ့ ထိရောက်တဲ့ ဟန့်တားမှုတွေကြောင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ဆီ စစ်သုံး လက်နက်ကိရိယာတွေ တင်ပို့မှုဟာ တနှစ်အတွင်း ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။ တဖက်မှာတော့ အဲဒီ လျော့ကျမှုကို ထိုင်းကုမ္ပဏီတွေက ဝင်ဖြည့်ပြီး ထိုင်းကနေ စစ်တပ်က လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုဟာ နှစ်ဆတိုးလာကြောင်း၊ လိုအပ်တဲ့ ငွေကြေး လွှဲပြောင်းမှုတွေကို ထိုင်းကုမ္ပဏီတွေက ကြားခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

အင်ဒရူးက ဘဏ်တွေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းတွေ အနေနဲ့ လူ့အခွင့်အရေး စောင့်ရှောက်မှု ကျင့်ဝတ် စည်းမျဉ်းတွေကို လေးစား လိုက်နာကြဖို့၊ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေမှာ ဖြစ်ပေါ်နေတဲ့ ဟာကွက်တွေကို ပိုမို အာရုံစိုက် ပြင်ဆင်ဖို့၊ အထူးသဖြင့် အရပ်သားတွေကို စစ်တပ်က ဖြိုခွင်းတိုက်ခိုက်ရာမှာ အဓိက နည်းလမ်းတခုအဖြစ် အသုံးပြုနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ လေယာဉ်ဆီ ဝယ်ယူရေး လမ်းကြောင်းတွေကို ပိတ်ပင်ဖို့၊ လူထုရဲ့ အသက်တွေကို ကယ်တင်ပြီး စစ်ဗိုလ်ချုပ်တွေကို ပိုမို အထိနာအောင် မြန်မာ့စီးပွားရေးဘဏ်ကို အရေးယူ ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

Ref: OHCHR