ဘင်္ဂလားဒေ့ရှ်မှာ အကျဉ်းသား အများဆုံးကို ကွပ်မျက်ခဲ့သူ နာမည်ကျော် ပါးကွက်သား ကွယ်လွန်

ဇွန်၊ ၂၅

ဘင်္ဂလားဒေ့ရှ်မှာ ရာဇဝတ်သား အရေအတွက် အများဆုံးကို ကွပ်မျက်ခဲ့သူ နာမည်ကြီး ပါးကွက်သားဟောင်းဟာ အသက် ၇၄ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် ရှာဂျီဟန် ဘူဟီယန်ဟာ အခုသီတင်းပတ် အစောပိုင်းက ရင်ဘတ်နာပြီး နာမကျန်း ဖြစ်လာလို့ ဒါကာမှာရှိတဲ့ ဆေးရုံကို တင်ပို့ခဲ့ပေမယ့် မကြာခင်မှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဘူဟီယန်ဟာ ကွင်းဆက် လူသတ်သမားတွေ၊ နိုင်ငံရေးသမားတွေကို ကွပ်မျက်ခဲ့ရတဲ့ ပါးကွက်သား တဦးဖြစ်ပြီး သူ့ဘဝ ဇာတ်ကြောင်းကို ကိုယ်တိုင်ရေး စာအုပ် ထုတ်ဝေခဲ့ဖူးပါတယ်။

အရင်တုန်းက တော်လှန်ရေးသမားဟောင်း ဖြစ်ခဲ့တဲ့ ဘူဟီယန်ဟာ လူသတ်မှု၊ ဓားပြမှုတွေနဲ့ ထောင်ဒဏ် ၄၂ နှစ် ကျခံခဲ့ရတဲ့ အတောအတွင်း ကိုယ်တိုင်က အကျဉ်းသားတွေကို ကြိုးပေးကွပ်မျက်ရတဲ့ ပါးကွက်သား ဖြစ်လာခဲ့ပါတယ်။

လူအများ မလုပ်ချင်တဲ့ အလုပ်တခုမှာ ဆန္ဒအလျောက် စာရင်းပေး ကူညီခြင်းက သူ့ရဲ့ ပြစ်ဒဏ်ကာလကို လျှော့ပေါ့စေမယ်လို့ ယုံကြည်တာကြောင့် အခုဘဝမျိုးကို ရွေးချယ်ခဲ့တာလို့ ဘူဟီယန်က ဆိုပါတယ်။ တကယ်လည်း သူဟာ မနှစ်တုန်းက ပြစ်ဒဏ် ၁၀ နှစ်လျှော့ပေါ့ ခံစားခွင့်ရပြီး လွတ်မြောက်ခဲ့ပါတယ်။

သူဟာ အနည်းဆုံး လူ ၂၆ ဦးကို ကြိုးပေး ကွပ်မျက်ခဲ့ပြီး တချို့ကတော့ တကယ်တမ်း ဘူဟီယန်လက်ထဲမှာ သေဆုံးခဲ့သူ အရေအတွက် ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

သူကွပ်မျက်ခဲ့တဲ့ သူတွေထဲမှာ နိုင်ငံထူထောင်သူလည်းဖြစ်၊ လက်ရှိ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ ဖခင်လည်းဖြစ်တဲ့ ရှိတ်ခ်မူဂျီဘာ ရာဟ်မန်ကို လုပ်ကြံခဲ့သူ စစ်တပ် အရာရှိဟောင်းတွေ၊ စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေ ရင်ဆိုင်ခဲ့ရတဲ့ အလီအာဆန် မူဂျာဟစ်နဲ့ ဆူလာဟူဒင် ကွာဒါ ချောင်ဒူရီတို့လို နိုင်ငံရေးသမားတွေ၊ အာရှက်ဒ် ရှစ်ခ်ဒါးလို လူသိများတဲ့ ကွင်းဆက် လူသတ်သမားတွေလည်း ပါဝင်ခဲ့ပါတယ်။

သူ့ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဘူဟီယန်က အမြဲတမ်း အကြောင်းပြချက် ပေးလေ့ရှိတာက ဒီအလုပ်ကို သူမလုပ်လည်း တခြားသူ တယောက်ယောက်က လုပ်လိမ့်မယ် ဆိုတာပါပဲ။

သူဟာ ထောင်ကလွတ်လာပြီးတဲ့နောက် သူ့ထက် အသက် ၅၀ ပိုငယ်တဲ့ မိန်းကလေး တယောက်နဲ့ ခဏလောက် လက်ထပ် ပေါင်းသင်းခဲ့ပေမယ့် ဥပဒေရေးရာ ရှုပ်ထွေးမှုတွေ ကြုံတွေ့ပြီး ပြဿနာတွေ တက်ခဲ့ပါသေးတယ်။

Ref: BBC