သံတွဲအခြေစိုက် တပ်ရင်းဌာနချုပ်နှစ်ခုလုံးကို AA တပြိုင်တည်း ပိတ်ဆို့တိုက်ခိုက်နေ၊ ဒေသခံထောင်ချီ တိမ်းရှောင်

ပုံစာ – သံတွဲဒေသခံတွေစစ်ဘေးတိမ်းရှောင်နေစဥ်
ဇွန်၊ ၂၄
 
သံတွဲမြို့နယ်အတွင်းက ရှေ့တန်းတပ်စခန်းအများစုနဲ့ လေဆိပ်တို့ကို သိမ်း ပိုက်၊ ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ အခြေစိုက်တပ်ရင်းဌာန ချုပ်တွေဖြစ်တဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့ကာ တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
“တပ်ရင်းနှစ်ရင်းလုံးကို ၀ငျခနြတော၊ အဲဒါနှစ်ခုရရင် မြို့ကို ရဖို့လည်း သိပ်မလိုတော့ဘူး၊ အခု လေဆိပ်နားက ၅၆၆ ကို ရသွားပြီတောင် ကြားတယ်”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သံတွဲဒေသခံ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
သံတွဲမြို့နယ်မြောက်ပိုင်း သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၀န်းကျင်ဒေသတွေနဲ့ တောင်ကုတ် – သံတွဲကားလမ်းတလျှောက်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ AA ဟာ မနေ့က ဇွန်လ ၂၃ ရက်နေ့မှာ သံတွဲမြို့နဲ့ သုံးမိုင်၀န်းကျင်အကွာရှိ သံတွဲမဇင်လေဆိပ်ကို ထိန်းချုပ်ခဲ့ကာ တပ်ရင်း ဌာနချုပ်တွေကို ထပ်မံထိုးစစ်ဆင်နေတာပါ။
 
AA ဟာ ငပလီကမ်းခြေ မဇင်၊ ဇီးဖြူကုန်းရွာတို့အနီးမှာ အခြေစိုက်ထားတဲ့ အဲဒီတပ်ရင်းနှစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းကနေ အရှိန်မြင့်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
 
စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ သံတွဲမြို့နယ် သဗြုချိုင်ရေတပ်စခန်းတို့ကနေ ငပလီ ကမ်းခြေတစ်လျှောက် ပစ်ခတ်၊ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ အဲဒီအနီးမှာနေထိုင်တဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
“ဂျက်ရော ရဟတ်ယာဉ်ရော သုံးပြီးလေယာဉ် နှစ်စီး၊ သုံးစီးနဲ့ ဆက်တိုက်ပစ်နေတာ၊ အခုထိ ပစ်နေတုန်း၊ တပ်ရင်း ရသွားတာ ဟုတ်လောက်တယ်”လို့ ငပလီကမ်း ခြေအနီး ကျေးရွာတခုမှ အမျိုးသမီးတဦးက ဒီနေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။
 
ငပလီကမ်းခြေရှိ တပ်ရင်းဌာနချုပ်နှစ်ခုကို ထိုးစစ်ဆင်နေတဲ့ AA ဟာ သံတွဲမြို့ပေါ် နဲ့ ငပလီကမ်းခြေ တပ်ရင်းတွေဆီ ဆက်သွယ်ထားတဲ့လမ်းပိုင်းကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြို့အနီးသို့ ချည်းကပ်နေပြီလို့ စစ်ရေးနီးစပ်သူဒေသခံတွေက ပြောကြပါတယ်။
 
“မြို့ပေါ်မှာက ရဲစခန်းပဲ ရှိတာ၊ စစ်တပ်အထိုင်ဆိုလို့ ဂိတ်နဲ့ စခန်းငယ်တွေပဲဆိုတော့ မြို့ကိုလည်း ရတော့မှာ၊ မကြာဘူး” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
 
အဲဒီလို အခြေစိုက်တပ်ရင်းတွေတိုက်ခိုက်ခံနေရပြီး AA ထိုးစစ် မြို့နားရောက်လာချိန် သံတွဲမြို့ပေါ်မှ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး ၀နျထမျးတှနေဲ့ ရဲတပ်ဖွဲ့၀င်၊ မိသားစုတွေ ဟာ မြို့ကိုစွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံအချို့က ပြောကြပါတယ်။
 
ဒါပေမယ့် အဲဒီအပေါ် DNA က အတည်ပြုလို့ မရသေးပါဘူး။
 
စစ်ကောင်စီရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ကမ်းခြေတလျှောက်၊ သံတွဲမြို့အနီးရွာတွေနဲ့ သံတွဲမြို့ပေါ်တို့ဆီ ကျရောက်ပေါက်ကွဲမှုတွေရှိနေတာကြောင့် ဒီနေ့မနက်ပိုင်းမှာပဲ ဒေသခံထောင်ချီ တိမ်းရှောင်၊ ထွက်ပြေးနေကြတယ်လို့ ဆိုကြပါတယ်။
 
“မြို့မှာ လူ သုံးပုံတပုံလောက်တောင် မကျန်တော့ဘူး၊ အကုန် ပြေးနေကြတာ ကားတွေ၊ ဆိုင်ကယ်တွေ တန်းလျောက်လိုက်ကြီး” လို့ သံတွဲမြို့ပေါ်မှ ဂွမြို့နယ်ဘက်ဆီ
တိမ်းရှောင်နေသူတဦးက ပြောပါတယ်။
 
စစ်ဘေးရှောင် သွားလာနေကြတဲ့ အဲဒီ သံတွဲ – ဂွကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားပြီး အမျိုးသားတွေကို ဟန့်တားစစ်ဆေးမှုတွေ ပြုလုပ်နေတာ တွေ့ခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။
 
“လမ်းတလျှောက် (စစ်ကောင်စီတပ်) စစ်သားတွေလည်း နှစ်ယောက်စ၊ သုံးယောက်စ အဲလို သွားလာနေတာ တွေ့တယ်၊ ကင်းပုန်း၀ပ်တဲ့သူ၀ပ်နဲ့၊ ဒီဖက်လည်း ဘယ်လိုဖြစ်လာအုံးမလဲ မသိဘူး”လို့ အဆိုပါ သံတွဲမြို့ခံစစ်ရှောင်က ပြောပါတယ်။
 
သံတွဲမြို့နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၅၅၊ တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅) လက် အောက်ခံ ခြေမြန်တပ်ရင်း ၅၆၆ နဲ့ သဗြုချိုင်ရေတပ်တို့အခြေစိုက်ထားတာဖြစ်ပြီး ရေတပ်စခန်းကိုတော့ AA က တိုက်ခိုက်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ ခရိုင်မြို့ဖြစ်တဲ့ သံတွဲကို ရေကြောင်းကနေတဆင့် စစ်ကူ၊ လက်နက်ပို့ဆောင်တာတွေ ဆက်တိုက်လုပ်နေပြီး သဗြုချိုင်ရေတပ်စခန်းမှာ စစ်သင်္ဘောကြီးတွေ ရောက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“သံတွဲမကျအောင်တော့ အသည်းအသန်ကာကွယ်မယ်ထင်တယ်၊ ဒါပေမယ့် တပ်ရင်းတွေက ဒီတိုင်းဆို အကုန် ကျတော့မှာ”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက် ၀ကျကြောျကို သိမ်းပိုက်ထားတဲ့ AA ဟာ သံတွဲအပြင် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တည်ရှိရာ အမ်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ အနောက်ဖက်နယ်စပ် မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန်တပ်စခန်းကိုလည်း တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
 
ဒါ့အပြင် သံတွဲမြို့နယ်နဲ့ ကပ်ရပ်မှာရှိပြီး စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ (၅) အခြေစိုက်ရာ တောင်ကုတ်နဲ့ တရုတ်စီမံကိန်းတွေ တည်ရှိရာ ကျောက်ဖြူမြို့နယ်တို့မှာလည်း တိုက်ပွဲဖော်ဆောင်နေတာ တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ရက်မှာ တိုက်ပွဲတွေ ပြန်စခဲ့တဲ့ AA ဟာ တိုက်ပွဲကာလခုနှစ်လကျော်အတွင်း ရခိုင်ပြည် နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်အတွင်းက ကျန်မြို့နယ်အားလုံးကိုပါ ထပ်မံသိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့မြိုနယ်ဟာ ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွနဲ့ ကျွန်းမြို့ဖြစ်တဲ့ မာန်အောင်မြို့နယ်တို့ပဲ ကျန်တော့တာဖြစ်ပါတယ်။
 
Photo – Social Media