စကားတည်သူ (သရော်စာ)

ဇွန် ၊ ၂၂

ကိုရင့်ရဲ့ တသက်နဲ့တကိုယ် ဒီလောက်စကားတည်သူ မတွေ့ဖူးခဲ့ဘူး။

တကယ်ပါ။ မိမိပြောစကားကို ဘယ်လောက်အထိ တည်ပါတယ်ဆိုဆို အတိမ်းအစောင်းလေးတွေတော့ရှိကြသူ ချည်းကိုသာ ကိုရင် တွေ့ဆုံခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ့လိုမဟုတ်ဘဲ သူပြောခဲ့ဖူးတဲ့စကားကို စပြောခဲ့ချိန်ကနေ ဒီကနေ့ကာလအထိ မတိမ်းမစောင်းဘဲ တည်အောင်ထိန်းနိုင်တဲ့သူတစ်ဦးကို ကိုရင့်ဘဝမှာ မျက်ဝါးထင်ထင်တွေ့ မြင်ဖူးခြင်းပါပဲ။

အနှီသူကတော့ အခြားဟုတ်ရိုးလား။ ကိုရင်တို့ နေ့စဉ်နဲ့အမျှ မမေ့မလျော့ မေတ္တာတွေပို့၊ ဆုတွေတောင်းပေးနေကြ ရတဲ့ သတ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့အထင်ကရရာထူးပိုင်ရှင် ဗိုလ်ချုပ်မှူးကြီးမအလဆိုသူပါပဲ။ သူဟာ လွန်ခဲ့တဲ့လေးနှစ်တာကာလအတွင်းက စပြောခဲ့တဲ့ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့စကားအပေါ် ဒီကနေ့ကာလ အထိ တည်အောင်ထိန်းထားနိုင်တာကို တွေ့ရပါတယ်။

အနှီစကားကို သူစပြောပြီးနောက် သိပ်မကြာခင်မှာပဲ သူ့အတွက်ထိုင်ခုံကို အတင်းအဓမ္မလုယူတဲ့ပွဲနွှဲပါတယ်။ ဒါဟာ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ သူ့စကားအပေါ် သူဘယ်လောက် တာဝန်ယူကြောင်း စတင် သက်သေထူ ပြလိုက်တာပါပဲ။ အဲဒီကနေ နောက်တဆင့်မှာတော့ သူ့အပေါ်ဆန့်ကျင်ကြတဲ့ အရပ်သားပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်ပြတော့တာပါပဲ။

ဒီလိုနဲ့ ဆက်တိုက်ဆိုသလို သူ့စကားအပေါ် သူသစ္စာရှိကြောင်း၊ ဘယ်လောက်အထိတည်အောင် ထိန်းနိုင်ကြောင်းကို ဖြစ်စဉ်၊ ဖြစ်ရပ်များစွာနဲ့ ပြလာခဲ့ပါတော့တယ်။ အဲဒီထဲမှာ အရပ်သားပြည်သူလူထုလက်ထဲက ပလာတာကို အတင်းဝင်လုတဲ့လုပ်ရပ်၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဆိုင်ကယ်၊ ဆိုက်တွဲစတဲ့ ကယ်ရီသမားတို့ထံက အနှီဆိုင် ကယ်၊ ဆိုက်တွဲတွေကို အကြမ်းဖက်လုယက်တဲ့လုပ်ရပ်၊ စီစီတီဗွီရှေ့မရှောင် စတိုးဆိုင်တွေကို ပေါ်တင်ဝင်ဖောက် ခိုးယူတဲ့လုပ်ရပ်တွေကို ကနဦးမှာ လုပ်ပြခဲ့ပါတယ်။

အဲဒါတင်မက ကိုဗစ်ကာလမှာ အောက်ဆီဂျင်တန်းစီလို့ဆိုပြီး အရပ်သားပြည်သူကို အကြမ်းဖက်ဖမ်းဆီး၊ အောက် ဆီဂျင်အိုးတွေ အတင်းဝင်လု၊ ဆေးဆိုင်တွေ၊ ဆေးကုမ္ပဏီတွေဆီက ဆေးတွေကို အတင်းဝင်လု၊ ကုန်ကုန် ပြောရရင် ကိုဗစ်ကြောင့်သေတဲ့လူတွေကိုတောင် စာရင်းဖျောက်ပစ်တဲ့အထိ မလုပ်ရဲတာ ဘာမှမရှိကြောင်း သက်သေထူခဲ့ပြန်ပါတယ်။

ဒေါ်လာစျေးတက်၊ ရွှေစျေးတက်၊ ဆန်စျေးတက်၊ ဆီစျေးတက်လို့ဆိုပြီး အရပ်သားပြည်သူတွေကို  ဖမ်းပြ၊ ဆီးပြ၊ အကြမ်းဖက်ပြပြန်သလို ပြည်ပသွားအလုပ်လုပ်သူတွေ သူ့ဆီကနေ ငွေမလွှဲလို့ဆိုပြီး ခြိမ်းခြောက်၊ မြန်မာဘီယာ နဲ့တကွ သူရို့ထုတ်ကုန် အစုံစုံကို တင်မရောင်းလို့ဆိုပြီး စျေးဆိုင်တွေကို ခြိမ်းခြောက်၊ အကြပ်ကိုင်တာတွေ၊ ပန်းပန်လို့ဖမ်းတာတွေ၊ ဆိုင်ပိတ်လို့ဖမ်း၊ လမ်းပေါ်မထွက်လို့ဖမ်းဆိုတာတွေလည်း လုပ်ပြခဲ့ပြန်ပါသေးတယ်။

ဒါ့အပြင် နိုင်ငံအနှံ့က ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရား၊ စေတီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ နေအိမ်တွေကို မီးရှို့ပြ၊ ဗုံးကျဲပြ၊ အနှီနေအိမ်တွေထဲက အဖိုးတန်ရွှေ၊ ငွေကနေ ဒန်အိုး၊ ဒန်ခွက်အထိ ခိုးယူပြလိုက်သေးသလို ဆင်မည်းကို ဆင်ဖြူလုပ်၊ လိမ်လို့ရသမျှ ကိစ္စမှန်သမျှ ဗြောင်လိမ်လမ်းစဉ်ကို တွင်တွင် ကျင့်သုံးပြတာနဲ့ ကုန်စျေးနှုန်းကြီးမြင့်နေလို့ဆိုပြီး လော်စပီကာနဲ့အော်ကာ ကုန်စျေးနှုန်းကို ထိန်းချုပ်ပြခဲ့ တာတွေ လည်း အပါအဝင်ပေါ့။ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ အာဂသတ္တိပိုင်ရှင်ကြီးရဲ့ သူ့စကားအပေါ် သက်သေပြချက်များပါပဲ။

အနှီသူ့စကားတည်အောင် နောက်တဆင့်တိုးလုပ်ပြပြန်တာက ကလေးသူငယ်ကနေ သက်ကြီးရွယ်အိုအထိ အရွယ် အစုံစုံကို မငဲ့မညှာ၊ မစာနာစွာ သတ်ဖြတ်ပြတာပါပဲ။ အဲဒီထဲမှာ လေယာဉ်နဲ့ ဗုံးကျဲသတ်ဖြတ်တာတွေပါသလို သေနတ်နဲ့ ပစ်ခတ်တာ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ရိုးစွပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်၊ ဓားနဲ့ လှီးသတ်၊ မြေဖို့ သတ်တာတွေလည်း ပါဝင်ပါတယ်။

“မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့စကားတည်ဖို့ ခဲတံတောင် ကောင်းကောင်းကိုင်နိုင်စွမ်းမရှိသေးတဲ့ ကလေးငယ် ပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်ပြခဲ့ပါသေးတယ်။ လက်ယက်ကုန်းဖြစ်စဉ်၊ မုန်လိုင်ခက် စစ်ဘေး ရှောင်စခန်းဖြစ်စဉ်၊ ပဇီကြီးရွာဖြစ်စဉ်တို့ဟာ ထင်ရှားတဲ့သက်သေပြချက်တွေပါ။

အနှီဗိုလ်ချုပ်မှူးကြီးမအလဘက်က “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ စကားပြောခဲ့တာ အခုဆိုကာလအနေနဲ့ လေးနှစ်ကြာကာလကိုရောက်ရှိပါပြီ။ လေးနှစ်တာကာလအထိ အနှီစကားအပေါ် တစက်ကလေးမှ မဖောက်မလွှဲဘဲ ဆက်လက်ရပ်တည်နေသေးကြောင်း သက်သေပြတဲ့ လုပ်ရပ်တခုကို ဒီရက်ထဲမှာ ဗိုလ်ချုပ်မှူးကြီးမအလ ဘက်က ကြိုးပမ်းဖော်ဆောင်ပြလာပြန်ပါတယ်။

အဲဒါကတော့ ထေကြီးဝါကြီးဆရာတော်တပါးကို သေနတ်နဲ့ ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ပြလိုက်တာပါပဲ။ ဒီလိုသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခဲ့ပြီး အတူလိုက်ပါ လာတဲ့ ကန်သုံးဆင့်ဆရာတော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့သူ့စကား ဒီကနေ့အထိတည်နေဆဲဖြစ်ကြောင်း သံဃာကို သတ်ဖြတ်ပြခြင်းနဲ့အတူ ဗိုလ်ချုပ်မှူးကြီးမအလက သက်သေပြလို က်တာပါပဲ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ နောက်ထပ် သက်သေပြချက်အဖြစ် ဗြောင်လိမ်ဖို့၊ ဗြောင်ညာဖို့ ကြိုးစားခဲ့ ပြန်တာပါပဲ။ ဒီဖြစ်စဉ်ဟာ သူတို့လုပ်တာမဟုတ်ပါဘူး PDF တွေလုပ်တာပါလို့ တချက်ခုတ် နှစ်ချက်ပြတ်မယ့် အကြံဆိုးကြီးကို ဗိုလ်ချုပ်မှူးကြီးမအလဘက်က ရွှေဉာဏ်တော်စူးရောက်ခဲ့ပြန်ပါတယ်။ ဘယ်လောက်အထိ စူးရောက်သလဲဆို ဆရာတော်တို့ကားကို မောင်းပေးတဲ့ ကားသမားကိုတောင် ခြိမ်းခြောက်အကြပ်ကိုင်ပြီး သူတို့နဲ့ အတူ ကြံရာပါအဖြစ်ဝင်လိမ်ခိုင်းလိုက်တဲ့အထိ လုပ်ပြရဲခဲ့ကြပါတယ်။

ကဲ…ကြည့်ကြပါ။ ကြည့်လိုက်ကြစမ်းပါ မိတ်ဆွေအပေါင်းတို့။ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် သူခိုးမဟာ သရေစည်သူ သူခိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမအလဟာ လွန်ခဲ့တဲ့လေးနှစ်တာကာလက သူပြောခဲ့ဖူးတဲ့ “မလုပ်ရဲ တာ ဘာမှမရှိဘူး”ဆိုတဲ့ စကားတခွန်းအပေါ် ဘယ်လောက်အထိသစ္စာရှိပြီး ဘယ်လောက်အထိ တည်အောင် ကြိုးစားအားထုတ်နေသလဲဆိုတာ ကျွန်တော်များ မျက်ဝါးထင်ထင်တွေ့မြင်ကြရမယ် မဟုတ်ပါလား။

ကိုရင်နွေဦး