ရခိုင်မှာ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်လို့ တရက်တည်းသုံးဦးသေ ၊ သုံးဦး ဒဏ်ရာရ

ဇွန်၊ ၂၂

ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ သံတွဲမြို့နယ်တို့မှာ လူနေရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့လက် နက်ကြီး ပစ်ခတ်ဗုံးကြဲလို့ သက်ကြီးအမျိုးသမီးတဦးအပါအ၀င် သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇွန်လ ၂၁ ရက်နေ့ ညနေ ငါးနာရီ၀န်းကျင်မှာ မြေပုံမြို့နယ် စညှင်းရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ငါးဆယ်ကျော် အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ပြင်းထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

“တယောက်က ဆေးကုမမီလိုက်ဘူး သေသွားတယ်၊ အိမ်တွေကို တည့်တည့်ချတာ၊ အိမ်တွေ စပါးကျီတွေ အများကြီး ပျက်သွားတယ်”လို့ စညှင်းရွာသားတဦးက ပြောပါတယ်။

စညှင်းကျေးရွာသာ မြေပုံမြို့နဲ့ မိုင်နှစ်ဆယ်၀န်းကျင်၊ အမ်းမြို့နဲ့ မိုင်သုံးဆယ်၀န်းကျင်အကွာ ယိုးချောင်းအနီးမှာ တည်ရှိပြီး တိုက်ပွဲတစုံတရာ မရှိတော့တဲ့ဒေသဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ကတရက်တည်းမှာပဲ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ သံတွဲမြို့နယ်အတွင်းက ကျောင်းတိုက်၊ ဇာဒီပြင်ရွာတွေထဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်လို့ အသက်ခြောက်ဆယ်အရွယ် အမျိုးသားတဦး၊ ခုနှစ်ဆယ်အရွယ်အမျိုးသားတဦးတို့ သေဆုံးကာ သက်လတ်ပိုင်းအမျိုးသားတဦး ဒဏ်ရာရသွားခဲ့ပါသေးတယ်။

သံတွဲမြို့နယ် ရွှေလှေရွာကိုလည်းအလားတူ ဇွန် ၂၂ ရက် မနေ့ကပဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စကစက စစ်ရှောင်တွေ၊ အရပ်သားတွေ နေတဲ့ ရွာတွေကိုတောင် မရှောင်ဘူး၊ ပစ်နေတာ၊ လက်နက်ကြီးတွေ လေယာဉ်တွေက နေ့တိုင်းပဲ ပစ်တယ်၊ လေယာဥ်သံကြားရင် ရင်တုန်နေပြီ၊ အိပ်လို့လည်း မရဘူး”လို့ သံတွဲမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးခုကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်ဖက်လူနေရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်၊ တိုက်ခိုက်မှုကြောင့် ဇွန်လ ၁၉ ရက်ကနေ ၂၁ ရက်ထိ သုံးရက်အတွင်း သေဆုံးရတဲ့ အရပ်သား ၁၃ ဦးနဲ့ ဒဏ်ရာရသူ ၁၂ ဦးထက်မနည်းရှိပြီဖြစ်ပြီး အဲဒီထဲမှာ ငါးနှစ်အောက် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါ၀င်ပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အဲဒီလို တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတာဟာ စစ်ရာဇ၀တ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်လှုပ်ရှားသူတွေက ထောက်ပြပြောဆိုကြပါတယ်။

ရခိုင်ဒသေတိုက်ပွဲတွေတကျော့ပြန်စခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာ အတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့်  သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။