Photo – TNLA
ဇွန် ၊ ၁၉
တအာင်းတပ်(PSLF/TNLA)ရဲ့ တပ်မဟာ (၂) စစ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲရှိ TNLA တပ်စခန်းတခုကို စစ်ကောင်စီတပ်က ဇွန်လ ၁၈ ရက်၊ မနေ့ ညနေပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် TNLA တပ်ဖွဲ့ဝင် တဦးကျဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ TNLA ဘက်ကပြောပါတယ်။
“သုံးနာရီခွဲ ဝန်းကျင်လောက်မှာ ဒရုန်းနှစ်စင်းနဲ့ လာ ရောက်ပြီးတော့မှ ကျွန်မတို့ဆီ ဗုံးကြဲတိုက်ခိုက်တာ ပြုလုပ်တယ်၊ နောက်တခုက လေးနာရီဝန်ကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်သွားတယ်” လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DNA ကို ပြောပါတယ်။
TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်း မြောက်မှာ နှစ်လခွဲလောက်ကြာ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီးနောက် တရုတ်အစိုးရရဲ့ကြားဝင်ညှိနှိုင်း ပေးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကစလို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူထားတာပါ။
ဒါပေမယ့် အဲလိုအပစ်ရပ်ဖို့ သဘောတူပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ TNLA ကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပြီး အဲနောက်ပိုင်းမှာ လည်း TNLA တပ်စခန်းတွေရှိရာကို စစ်ကောင်စီ တပ်က လေယာဥ်၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက် တာတွေ ဆက်တိုက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကပဲ TNLA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားရာ မိုးမိတ်မြို့နယ်၊ မန်ပိန်းရွာနဲ့ ပန်တင်ရွာကြား စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ TNLA တပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
“အခုလက်ရှိကတော့ (စစ်ကောင်စီတပ်က) ဟိုင်ဂင်သဘောတူညီမှုကို ချိုးဖောက်နေတယ်၊ အရပ်သားတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်နေတဲ့ ပုံစံမျိုးလည်းဖြစ်ပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အဲဒီလို လုပ်ရပ်တွေကြောင့် နှစ်ဖက်ဆက်ဆံရေး တင်းမာနေတဲ့ အခြေအနေရှိတယ်လို့လည်း သူက ဆိုပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်တွေအရတော့ အခု ဇွန်လ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီးနဲ့ အကြိမ်ရေ နှစ်ဆယ်ထက်မနည်းပစ်ခတ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားတွေလည်း ထိခိုက်ထားပါတယ်။
အလားတူပဲ သီပေါမြို့ကနေ TNLA ထိန်းချုပ်ထားရာ နမ့်ဆန်နဲ့ နမ္မတူမြို့တွေကို သွားလာနိုင်တဲ့ ကားလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက်နေ့မှာ မြောင်းဖော်ပြီး ဖြတ်တောက်ခဲ့ပါတယ်။
PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ ရှမ်းမြောက်အပစ်ရပ်ကတိကဝတ်ကိုစစ်ကောင်စီဘက်ကအကြိမ်ကြိမ်ချိုးဖောက်နေတာတွေနဲ့ပတ်သက်လို့ သည်းမခံနိုင်တော့ရင် လက်တုံ့ပြန်မယ်လို့ DNA ကို ပြောဆိုထားဖူးပါတယ်။