အဖော်အချွတ် အကြောင်းအရာတွေကို မကန့်သတ်ရင် Xကို ပိတ်ပစ်မယ်လို့ အင်ဒိုနီးရှား သတိပေး

ဇွန်၊ ၁၅

အဖော်အချွတ် အကြောင်းအရာတွေ ဖော်ပြနေတာကြောင့် လူမှုကွန်ရက် မီဒီယာ Xကို ပြည်တွင်းမှာ အသုံးပြုခွင့် ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း အင်ဒိုနီးရှားက သတိပေးလိုက်ပါတယ်။ 

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင်ဦးရေ အများပြားဆုံး နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ဘာသာရေးအရ မဆီလျော်ဘူးလို့ ယူဆရတဲ့ အွန်လိုင်း ဖော်ပြပါ အကြောင်းအရာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်လေ့ ရှိပါတယ်။ 

Twitterကနေ နာမည်ပြောင်းလဲလာတဲ့ Xဟာ အမြင်မသင့်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ သတ်မှတ် စည်းမျဉ်းတွေကို လိုက်နာ ထိန်းချုပ်မှု မရှိဘူးဆိုရင် ပြည်တွင်းမှာ အသုံးပြုခွင့် ပိတ်ပင်ရလိမ့်မယ်လို့ အင်ဒိုနီးရှား ဆက်သွယ်ရေး ဝန်ကြီးက ဇွန်လ ၁၄ ရက်နေ့မှာ ခြိမ်းခြောက် ပြောကြားသွားခဲ့ပါတယ်။

ဝန်ကြီး ဘူဒီ အာရီ ဆီတီရာဒီက အဲဒီ သဘောထားနဲ့ ပတ်သက်လို့ အသိပေး အကြောင်းကြားစာကို Xရဲ့ တာဝန်ရှိသူတွေဆီ ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါတောင်မှ အခြေအနေတွေ တိုးတက်မလာဘူးဆိုရင် Xကို ပြည်တွင်းအသုံးပြုမှု ပိတ်ချပစ်မယ်လို့ သူက ပြောပါတယ်။ အင်ဒိုနီးရှားရဲ့ အီလက်ထရောနစ် သတင်းအချက်အလက် ဥပဒေအရ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကြောင်းအရာတွေ အွန်လိုင်းမှာ ဖြန့်ဝေတဲ့သူဟာ အမြင့်ဆုံး ထောင်ဒဏ် ၆ နှစ်ထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ Xကတော့ အခုလို အကြောင်းကြားစာ လက်ခံရရှိတဲ့အပေါ် ဘာတုံ့ပြန်မှတ်ချက်မှ မပေးသေးပါဘူး။

ဘူဒီကတော့ Xကို အမှန်တကယ် ပိတ်မချခင် အစိုးရဟာ နောက်ထပ် သတိပေးမှု အဆင့်တချို့ကို လုပ်ဆောင်ဦးမယ်လို့ ပြောကြားထားပါတယ်။ အင်ဒိုနီးရှားမှာ Xကို ပုံမှန်သုံးစွဲသူ ၂၄.၈၅ သန်းလောက် ရှိနေတယ်လို့လည်း သိရပါတယ်။

Ref: Reuters