By-Delta News Agency
၁၃၊ ဧပြီ၊ ၂၀၂၀။
အိန္ဒိယနိုင်ငံမှာCovid-19ရောဂါကြောင့် အသွားအလာကန့်သတ်ထားတဲ့ကာလအတွင်း စည်းကမ်း ချိုးဖောက်ခဲ့တဲ့ ပြည်ပခရီးသွား ဆယ်ဦးကို တောင်းပန်စာ အကြိမ်ငါးရာစီချရေးခိုင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ဧပြီလ ၁၂ရက်နေ့ မှာ ပြောပါတယ်။
အိန္ဒိယတစ်နိုင်ငံလုံးမှာ မတ်လကုန်ပိုင်းကတည်းက လော့ဒေါင်းချအသွားအလာကန့်သတ်ခဲ့ပြီး ပြည်သူတွေနေနဲ့ လိုအပ်တဲ့အစားအသောက်နဲ့ ဆေးဝါးဝယ်တာကလွဲလို့ အိမ်အပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားတာပါ။
အစ္စရေး၊ မက္ကဆီကို၊ သြစတြေးလျနဲ့ သြစတြီးယားနိုင်ငံတွေ ခရီးသွားဆယ်ဦးဟာ အိန္ဒိယမြောက်ပိုင်းက Rishikesh မြို့ထဲမှာ လမ်းလျောက်နေရင်း အဖမ်းခံခဲ့ရတာပါ။
လော့ဒေါင်းစည်းကမ်း အမိန့်မလိုက်နာတဲ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့ စာကြောင်းကို တစ်ယောက်ကိုအကြိမ်ငါးရာစီ ရေးခိုင်းပြီး အပြစ်ပေးခဲ့တယ်လို့ အိန္ဒိယဒေသန္တရ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ မက္ကဆီကိုနဲ့ အစ္စရေးနိုင်ငံတွေက ပြည်ပခရီးသွားအယောက် ၇၀၀ကျော်နေထိုင်တဲ့ Rishikesh မြို့မှာ ကန့်သတ်စည်းကမ်းတွေကို ချိုးဖောက်ဆန့်ကျင်မှုတွေ ရှိတာကြောင့် ဒီလိုမျိုးပြစ်ဒဏ်ချမှတ်ပြီး သင်ခန်းစာပေးတာလို့ အဲဒီရဲတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
လော့ဒေါင်းကာလအတွင်း အိမ်မှာနေကြဖို့ တိုက်တွန်းတဲ့အခါ အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေဟာ ကိုရိုနာဗိုင်းရပ်ပုံသဏ္ဉာန် ခေါင်းဆောင်းကြီးတွေဆောင်းပြပြီး သတိပေးတာ အပါအဝင် သမရိုးကျမဟုတ်တဲ့ နည်းလမ်းတွ အသုံးပြုတာကို တွေ့ရပါတယ်။
ဒါပေမယ့် ပြည်နယ်တစ်ချို့က ရဲအရာရှိတွေကတော့ လမ်းမပေါ်ထွက်လာသူတွေနဲ့ ဆိုင်ကယ်စီးသူတွေကို အပြစ်ပေးတဲ့အနေနဲ့ တုတ်နဲ့ရိုက်တာ၊ ထိုင်ထလုပ်ခိုင်းတာနဲ့ ဒိုက်ထိုးခိုင်းတဲ့ ဗီဒီယိုဖိုင်တွေဟာလည်း လူမှုမီဒီယာစာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
Covid-19ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့ အိန္ဒိယနိုင်ငံမှာ တစ်နိုင်ငံလုံးအသွားအလာကန့်သတ်ထားပြီး လော့ဒေါင်းကာလကို လာမယ့်သီတင်းပတ်နှစ်ပတ်ထိ ထပ်တိုး သတ်မှတ်သွားမယ်လို့ မျှော်မှန်းရပါတယ်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံမှာ Covid-19 အတည်ပြုလူနာ (၉,၁၅၂)ဦးကျော်တွေ့ရပြီး (၃၀၈)ဦး သေဆုံးခဲ့တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
Ref : AFP