ဟင်္သာတမြို့အတွက် ၅ ကြိမ်မြောက် အောင်စာရင်း

By – Delta News Agency

၁၃၊ ဧပြီ၊ ၂၀၂၀။

ဧပြီလ ၁၂ ရက်နေ့ညက ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 ရောဂါပိုးတွေ့ရှိသူစာရင်းထုတ်ပြန် အပြီးမှာတော့ ဟင်္သာတမြို့သူမြို့သားတွေရဲ့ ဆုတောင်းပြည့်ခဲ့ပါပြီ။ ဟင်္သာတမြို့က COVID-19 သံသယရှိသူရဲ့ ဓါတ်ခွဲနမူနာစစ်ဆေးချက်အဖြေက ရောဂါပိုးမရှိကြောင်း ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်က ထပ်ဆင့်အတည်ပြုခဲ့ပါတယ်။ လူနာရဲ့အခြေအနေကို မေးမြန်းရာမှာတာ့ ကောင်းပါတယ် ၊ ဒီနေ့တောင်ပေးဆင်းဖို့ ရှိပါတယ် ၊ သူက အစကတည်းက ရိုးရိုးဖျားပြီး အဆုပ်လက္ခဏာတွေ မရှိဘူးလေ၊ ဒါပေမယ့် ခရီးသွားရာဇဝင်ရှိလို့ အခုလို စစ်ဆေးရတာပါလို့ Delta News Agency ကိုပြောပါတယ်။

အခုလို ဟင်္သာတမြို့ရဲ့သံသယရှိလူနာ ဓါတ်ခွဲအဖြေကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့စစ်ဆေးခဲ့တာ(၅)ဦးမြောက်ဖြစ်ပါတယ်။ ဟင်္သာတခရိုင်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခုမှာ လူဦးရေအထူထပ်ဆုံး ခရိုင်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၁ သိန်းကျော်ရှိနေပြီး ပြည်ပရွှေ့ပြောင်းအလုပ် သမားတွေကလည်း အများအပြားရှိနေတာပါ။ ဒါကြောင့် သင်္ကြန်အကြိုကာလမှာ ဒေသတွင်းကို အစုလိုက်အပြုံလိုက်ပြန်လည်ရောက်ရှိလာကြတဲ့ ပြည်တော်ပြန်တွေကြောင့် COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့ခံရမှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ် ။

အခုလို စိုးရိမ်စရာကောင်းတဲ့ အခြေအနေနဲ့ ပါတ်သက်ပြီး “ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း ပြင်ဆင်ထားတာ အများကြီးပဲ ၊ Isolation Ward တွေစီစဉ်ထားတာတွေလည်းရှိတယ်၊ ကျွန်တော်တို့ဘက်ကတော့ အထက်ဌာနရဲ့ ညွှန်ကြားချက်ရတာနဲ့ ပိတ်တာဆို့တာကန့်သတ်တာတွေလုပ်ဖို့လည်း စီစဉ်ထားပြီးသားရှိပါတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ပြောပါတယ် ။

Isolation Ward မှာ အရေးပေါ်ကုသဖို့အတွက် အနည်းဆုံး ၁၀ ကုတင်စာကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ် ။ နှာစီးချောင်းဆိုးလူနာတွေကို တခြားသူတွေနဲ့ ခွဲထားပြီး ကုသပေးဖို့တွေလည်း ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ် ။

COVID-19 အရေးပေါ်ကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က တစ်မြို့နယ်ကို သိန်း ၁၂၀ စီခွဲဝေပေးရာမှာ ဟင်္သာတအနေနဲ့ မြို့နယ်ကြီး ဖြစ်တဲ့အတွက် သုံးစွဲရတာ မလုံလောက်တဲ့ အခြေအနေတွေရှိနေတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောပါတယ်။ ဟင်္သာတမြို့နယ်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ၅၂ ခုရှိတယ် ၊ အဲလိုဌာနခွဲတွေအတွက် PPE ဝတ်စုံစတာမျိုး လိုအပ်တာ ငါးမျိုးခြောက်မျိုးလောက် ရှိမယ် ၊အဲဒါတွေဝယ်ဖို့အတွက် တစ်ဌာနကို တစ်သိန်းနှစ်သောင်းနဲ့ငါးရာစီ ပေးအပ်ပွဲလုပ်ပြီး ခွဲဝေပေးရတာမျိုးရှိတယ် ၊ အဲဒီမှာတင် ၈၆ သိန်းကျော်ကုန်နေပြီလို့ ပြောပါတယ်။ ထောက်ပံ့ငွေတွေခွဲဝေပေးတဲ့အခါမှာ မြို့နယ်အကြီးအသေးအလိုက် ၊ လူဦးရေအချိုးအစားအလိုက် ခွဲဝေပေးတာမျိုးလုပ်သင့်တယ်လို့ သူကဆိုပါတယ် ။

မြို့ပေါ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လူမှုရေးတက်ကြွလှုပ်ရှားသူတွေကလည်း နီးစပ်ရာစုဖွဲ့ပြီး COVID-19 ရောဂါနဲ့ပါတ်သက်တဲ့ အသိပညာပေးတာတွေ ၊ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းတွေမှာ လုပ်အားပေးတာတွေ ၊ မြို့ပေါ်လူထူထပ်တဲ့နေရာတွေကို ပိုသတ်ဆေးဖြန်းပေးတာတွေ လုပ်ဆောင်နေကြပါတယ်။

အဲဒီလို လုပ်ဆောင်ရာမှာ ပြည်သူ့ကျန်းမာဌာနကကနေ သူ့တို့ကို ဆေးဖြန်းရာမှာ သင်တန်းပေးတာတွေရှိတယ်လို့ ကိုကျော်စွာကပြောပါတယ်။”ဆေးဖြန်းပုံဖြန်းနည်း စနစ်တွေကို ပြောပြတယ် ၊ ဘယ်ဆေးနဲ့ ဘယ်ဆေးနဲ့ ဖြန်းသင့်တယ် ၊ ဘယ်ဆေးမဖြန်သင့်ဘူး စတာတွေလုပ်ပေးတာ ရှိတယ် ဒါပေမယ့် အစိုးရဘက်ကတော့ ဆေးဝါးပစ္စည်းထောက်ပံ့မှုတွေကိုတော့ မယူဘူး”လို့ ပြောပါတယ်။

ဟင်္သာတမြို့ပေါ်မှာ လူအသွားအလာတွေက အရင်ကထက်စာရင် နည်းပါးသွားပေမယ့် မျက်နှာဖုံးမတပ်ပဲ အပြင်ထွက်တာတွေ၊ စျေးတွေမှာလူစုလူဝေးနဲ့ တိုးကြိတ်ဝယ်နေတာတွေ ရှိနေစဲ ဖြစ်တယ်လို့လည်း ကိုကျော်စွာက ပြောပါတယ် ။

မနက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်က သီးနှံတွေကိုရောင်းချတဲ့ ရေကာတာပေါ်က ကုန်စိမ်းစျေး နဲ့ ညနေပိုင်း ဗူးဘုရားစျေးတွေမှာ လူတွေစည်ကားနေတာကို ဒေသန္တရအမိန့်နဲ့ တားမြစ်တာ ဒါမှမဟုတ် စျေးဆိုင်ခန်းတွေကို ခပ်ခွာခွာနေရာချ ပေးတာမျိုး အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ် ။

ဧရာဝတီမြစ်ဝကျွန်းပေါ်က ဟင်္သာတမြို့ကတော့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး စာမေးပွဲ ၅ ကြိမ်ဖြေဆိုပြီးတဲ့အထိ ရလဒ်ကောင်းတွေ ရနေစဲပါ။ ရှေ့လာမယ့်ကာလတွေမှာလည်း ဒီမာယာများတဲ့ ရောဂါဆိုးကို ဆက်လက်ကျော်ဖြတ်နိုင်ဖို့ မြို့ပေါ်ကအစိုးရအဖွဲ့အစည်းတွေနဲ့ မြို့လူထုဖြေဆိုရမယ့် စာမေးပွဲတွေက ရှိနေဦးမှာ ဖြစ်ပါတယ်။