ဟင်္သာတမြို့အတွက် ဒီနေ့ညဖွင့်ဖေါက်ရမယ့် ထိုင်းပြန်လက်ဆောင်

By – Delta News Agency

၁၂ ၊ ဧပြီ ၊ ၂၀၂၀ ။

ဧပြီလ ၁၁ရက်နေ့မှာ ဟင်္သာတခရိုင်ဆေးရုံကြီးဆီရောက်လာတဲ့ လူနာတစ်ဦးကြောင့် မြို့ပေါ်က ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။ မတ်လ ၁၇ရက်နေ့က ထိုင်းနိုင်ငံက ပြန်လာတဲ့ ဆာကူရာပုဂ္ဂလိက ဆေးရုံက ဝန်ထမ်းတစ်ဦးဟာ ဧပြီလ ၁၀ရက်နေ့မှာ ကိုယ်ပူချိန်မြင့် ဖျားနာလာလို့ မနေ့က ဧပြီ ၁၁ရက်နေ့မှာ ဟင်္သာတခရိုင်ဆေးရုံကြီးမှာ ကုသမှုခံယူနေရပါတယ် ။

Delta News Agencyက ဆာကူရာပုဂ္ဂလိကဆေးရုံကို ဆက်သွယ်ပြီး လူနာအကြောင်းအရာနဲ့ အချက်အလက်တွေကို မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး လောလောဆယ်မှာ ဖြေကြားပေးဖို့ မရှိ သေးပါဘူး၊ အဖြေက ဒီညထွက်မှာပါ ၊ အဖြေထွက်ပြီးတဲ့အခါ ကျွန်တော်တို့ဘက်က အကုန်လုံး ရှင်းပေးပါ့မယ်လို့ ဒေါက်တာသူရလွင်က ပြောပါတယ်။

COVID -19 ရောဂါပိုးရှိမရှိကိုတော့ ရန်ကုန်ကိုပို့ပြီး စစ်ဆေးထားတာ ဒီနေ့ည ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချိန်ကျမှပဲ အဖြေတိတိကျကျ သိရတော့မှာဖြစ်ပါတယ်။

ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်ကတော့ လူနာရဲ့ လက်ရှိအခြေအနေက ကောင်းမွန်နေတယ်လို့ ပြောပါတယ် ” အားလုံး ပုံမှန်ပါပဲ ၊ အပူချိန်လည်း မရှိဘူး ၊ ကျန်တဲ့ အခြေအနေတွေလည်း ကောင်းမွန်ပါတယ် ၊ လက်ရှိအချိန်မှာ သီးခြားအခန်းမှာ ထားပါတယ်လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ်အတွင်းမှာ ပြည်ပကပြန်လာသူတွေကို အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ရေး စင်တာ (၉)ခုလည်း ဖွင့်လှစ်ထားပါတယ်။ ဟင်္သာတမြို့ပေါ်မှာတော့ စောင့်ကြည့်ရေးစင်တာ (၂)ခုရှိပြီး ယခင်သတ်မှတ်ရက် (၁၄)ရက်ပြည့်လို့ ပြန်ခွင့်ပေးလိုက်ကြပါပြီ ။ ဒါပေမယ့် COVID -19 ရောဂါပိုးဟာ ဘယ်လောက်ကြာကြာအထိ လက္ခဏာမပြပဲ ရှိနေနိုင်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

လက်ရှိအချိန်အထိ ဟင်္သာတ မှာရော ၊ ဧရာဝတီတစ်တိုင်းလုံးမှာပါ COVID-19 ရောဂါပိုးရှိသူ တစ်ဦးမှ မတွေ့ရသေးပါဘူး။ ဒီနေ့ည ကျန်းမာရေးဝန်ကြီးဌာနက ဟင်္သာတမြို့နဲ့ ဧရာဝတီတိုင်းအတွက် ထိုင်းပြန် လက်ဆောင်ကို ဖွင့်ဖေါက်ပေးတော့မှာပါ။

တကယ်လို့ ဟင်္သာတမြို့မှာ COVID-19 ရောဂါပိုးရှိသူ စတင်တွေ့လာရမယ်ဆိုရင် မြို့အတွက် ဘယ်လိုအစီအစဉ်တွေ ကြိုတင်ဆောင်ရွက်ထားပါသလဲလို့ ဟင်္သာတမြို့ထွေအုပ်ရဲ့ ဒုဦးစီး ဦးဝေမိုးအောင်ကို မေးမြန်းရာမှာတော့ လောလောဆယ်မှာ ဘာအစီအစဉ်မှ မရှိသေးပါဘူး ၊ ကျန်းမာရေးဝန်ကြီးဌာနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့် ညွှန်ကြားချက်နဲ့ပဲ ဆက်ပြီး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။