အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း အရှိန်မြင့်လာ

၁၁၊ ဧပြီ၊ ၂၀၂၀။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ (COVID-19)ကိုရိုနာရောဂါကြောင့် ဧပြီလ ၁၁ရက်နေ့အထိ တစ်ကမ္ဘာလုံးမှာ သေဆုံးသူဦးရေ တစ်သိန်းကျော်သွားပြီး လူပေါင်း ၁ ဒဿမ ၇ သန်း ကူးစက်ခံနေရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်ပိုးဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကူးစက်ပြန့်ပွားမှုနှုန်း အရှိန်မြင့်လာနေပါတယ်။

ဧပြီလ ၁၁ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ်(၂၆)ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ (၂၄၇)ဦး ရှိလာပါပြီ။ စနေနေ့မှာပဲ ရောဂါပိုးတွေ့ရှိသူ (၂၂၃)ဦး ထပ်တိုးလာလို့ တစ်နိုင်ငံလုံးမှာ အတည်ပြုလူနာ (၄,၄၂၈)ဦးထိ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိမှာ ရောဂါပြန်သက်သာသူအရေအတွက် (၁၅၇)ဦး ရှိတယ်လို့ ဖိလစ်ပိုင် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

မလေးရှားနိုင်ငံမှာလည်း စနေနေ့က ကိုရိုနာအတည်ပြုလူနာ (၁၈၄)ဦးထပ်တိုးလို့ ရောဂါပိုးရှိသူစုစုပေါင်း(၄,၅၃၀)ဦး ရှိလာပြီလို့ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကိုရိုနာရောဂါပိုးတွေ့ရှိသူဦးရေ အများဆုံး ဖြစ်လာပါတယ်။ ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက သေဆုံးသူ စုစုပေါင်း (၇၂)ဦး ရှိလာပါပြီ။ ဒါပေမယ့် အတည်ပြုလူနာအားလုံးရဲ့ ၄၄ ရာခိုင်နှုန်းလောက်က ပြန်သက်သာသွားကြပြီလို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဧပြီ(၁၁)ရက်နေ့က ကိုရိုနာရောဂါပိုးကူးစက်ခံရသူ (၄၅)ဦး ထပ်တိုးခဲ့ပြီး (၂)ဦး သေဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ ကိုရိုနာရောဂါ စတင်ဖြစ်ပွားတဲ့ ဇန်နဝါရီလ ကတည်းက ရောဂါပိုးရှိသူ စုစုပေါင်း (၂,၅၁၈)ဦးနဲ့ သေဆုံးသူ (၃၅)ဦးထိ ရှိလာခဲ့ပါပြီ။

ရောဂါစတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာလည်း ကိုရိုနာရောဂါပိုး တွေ့ရှိသူဦးရေ တဖြည်းဖြည်းပြန်တိုးလာနေပြီး အများစု ပြည်ပက ပြန်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပက ပြန်ရောက်လာသူတွေနဲ့ ရောဂါလက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူတွေကြောင့် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဒုတိယအချီ မြင့်တက်လာမှာကို တရုတ်အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

၂၀၁၉ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19ရောဂါကြောင့် လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ (၈၁,၉၅၃)ဦးရှိပြီး လူပေါင်း(၃,၃၃၉)ဦး သေဆုံးခဲ့ပါတယ်။

Ref : Reuters