COVID-19 ကို အနိုင်ယူခဲ့တဲ့ အသက်(၁၀၇)နှစ်အရွယ် နယ်သာလန်အမျိုးသမီး

၁၀ ၊ ဧပြီ ၊ ၂၀၂၀။

နယ်သာလန်နိုင်ငံက အသက် (၁၀၇) နှစ်အရွယ် အမျိုးသမီးဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ COVID-19 ကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်ကောင်းလာခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ကမ္ဘာ့ကပ်ရောဂါကို ကျော်လွားနိုင်တဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Cornelia Ras ဟာ မတ်လ ၁၇ရက်နေ့မှာ စဖျားခဲ့တာပါ။ အဲဒီမတိုင်ခင် သူဟာ သက်ကြီး စောင့်ရှောက်ရေး ဂေဟာက တခြားသူတွေနဲ့အတူ ဘုရားကျောင်းတက်ခဲ့တယ်လို့ နယ်သာလန် သတင်းစာ AD က ဖော်ပြခဲ့ပါတယ်။ ဘုရားကျောင်းတက်ရင်း သူနဲ့အတူ နောက်ထပ်လူအယောက် လေးဆယ်ကျော် ရောဂါကူးစက်ခံရပြီး အဲဒီထဲက ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

ဒါပေမယ့် Cornelia Ras ကတော့ ကိုရိုနာရောဂါကို အနိုင်တိုက်ခဲ့တယ်လို့ သူ့ရဲ့ဆရာဝန်တွေက ဧပြီလ ၆ရက်နေ့မှာ ပြောပါတယ်။
“သူအသက်ဆက်ရှင်မယ်ဆိုတာ ကျမတို့ မမျှော်လင့်ခဲ့ဘူး Cornelia Ras က လမ်းကောင်းကောင်းလျှောက်တယ် ညတိုင်းဘုရားသခင်ထံမှာ ဆုတောင်းနေခဲ့တယ်။”လို့ တူမဖြစ်သူ Maaike de Groot က AD သတင်းစာကို ပြောခဲ့ပါတယ်။

Cornelia Ras ရဲ့ ဖြစ်ရပ်မတိုင်ခင် အမေရိကန်နိုင်ငံသား အသက်(၁၀၄)နှစ်အရွယ် အမျိုးသား Bill Lapschies ဟာလည်း COVID-19ရောဂါကနေ ပြန်သက်သာလာလို့ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

၂၀၁၉ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးက လူပေါင်း ၁ ဒဿမ ၄ သန်းကို ကူးစက်ခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း (၈၂,၀၀၀)ကျော် သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် သတ်မှတ်ကြေငြာထားပါတယ်။

Ref : Reuters