ဗီယက်နမ်မှာ Covid-19ရောဂါနဲ့ ပတ်သတ်ပြီး သတင်းမှားဖြန့်သူတွေကို ဒဏ်ကြေးရိုက်

၁၅၊ ဧပြီ၊ ၂၀၂၀။

ဗီယက်နမ်နိုင်ငံမှာ Covid-19 ရောဂါနဲ့ပတ်သတ်ပြီး သတင်းမှားတွေဖြန့်ဝေတာနဲ့ လူမူမီဒီယာပေါ်မှာ ကောလဟာလ ဖြန့်ဝေသူတွေကို ဒဏ်ကြေးရိုက်မယ့် ဥပဒေသစ်တစ်ခု ဧပြီလ ၁၅ရက်နေ့မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက အွန်လိုင်းသုံးစွဲသူတွေအကြား ကိုဗစ်ရောဂါနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်အမှားတွေ ပျံ့နှံ့နေချိန်မှာ အခုလို ဥပဒေသစ် ထွက်ပေါ်လာခဲ့တာပါ။

အခုနှစ် ဇန်နဝါရီလကတည်းက ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ (၂၆၇)ဦးရှိပေမယ့် သေဆုံးသူ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဥပဒေသစ်အရ လူမှုမီဒီယာပေါ်မှာ သတင်းမှားဖြန့်ရင် ဒါမှမဟုတ် မဟုတ်မမှန်တဲ့ အချက်အလက်တွေ ဖြန့်ရင် အမေရိကန်ဒေါ်လာ (၄၂၆) ဒေါ်လာကနေ (၈၅၃) ဒေါ်လာအထိ ဒဏ်ကြေးပေးဆောင်ရနိုင်ပြီး အဲဒီပမာဏဟာ ဗီယက်နမ်ရဲ့ အခြေခံလုပ်ခလစာ ၃လစာကနေ ၆လစာအထိ တန်ဖိုးနဲ့ ညီမျှပါတယ်။

ကိုဗစ်ရောဂါနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်အမှားတွေပျံ့နေတာကို ထိန်းချုပ်ဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒေသခံအာဏာပိုင်တွေဟာ ဥပဒေသစ် မထွက်ခင်ကတည်းက ရာချီတဲ့လူတွေကို ဒဏ်ကြေးရိုက် သတိပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဥပဒေသစ်ဟာ ကိုရိုနာနဲ့ ပတ်သတ်တဲ့ သတင်းအမှားဖြန့်ဝေသူတွေတင် မကပါဘူး ဗီယက်နမ်နိုင်ငံမှာ တားမြစ်ထားတဲ့ စာအုပ်၊စာနယ်ဇင်း၊ ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံတော် လျှို့ဝှက်အချက်အလက်တွေကို ဖော်ပြသူတွေလည်း အကျုံးဝင်ပါတယ်။

ဒါ့ကြောင့် ဥပေဒသစ်နဲ့ ပတ်သတ်လို့ ဗီယက်နမ်လူ့အခွင့်အရေးအဖွဲ့တွေအကြား စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Ref : Reuters

Delta News

Read Previous

အိန္ဒိယမှာ အပြင်မထွက်ရ စည်းကမ်းချိုးဖောက်တဲ့ ပြည်ပခရီးသွားတွေကို တောင်းပန်စာ အကြိမ်ငါးရာ ချရေးခိုင်း

Read Next

ဟင်္သာတ ပျံကျစျေးသည်တွေအတွက် မြို့ပေါ် နေရာ ၄ ခုမှာ ရောင်းချခွင့်ပြုမည်