ဇွန်၊ ၃
နီပေါနိုင်ငံမှာ မိုးရာသီ စတင်ဝင်ရောက်ပြီး ရေကြီးမှုတွေ၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဌာန (DMC)က အာရှတောင်ပိုင်း နိုင်ငံဟာ မုတ်သုံမိုးရာသီ ဝင်ဝင်ချင်း အခြေအနေမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အခြေအနေဆိုးတွေကို ကြုံတွေ့နေရတယ်လို့ အတည်ပြုခဲ့ပါတယ်။
မြို့တော် ကိုလံဘိုရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ ဆီတာဝါကာမှာ အိမ်ထဲ ရေကြီးလာလို့ မိသားစု တခုတည်းက လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။
ရာသီဥတု ဆိုးရွားမှုနဲ့အတူ နေရာတချို့မှာ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အစိုးရက ရေဘေးသင့် ဧရိယာတွေမှာ ကျောင်းတွေ ပြန်မဖွင့်ဖို့လည်း ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရပါတယ်။
နီပေါရဲ့ ခရိုင်ပေါင်း ၉ ခုမှာလည်း မြေပြိုမှု သတင်းတွေကို အတည်ပြု ကြားသိထားပါတယ်။ DMCရဲ့ အကြီးအကဲ ပရာဒိ ခိုဒစ်ပီလီက မြို့တော် ကိုလံဘိုနဲ့ နိုင်ငံတောင်ပိုင်း ဧရိယာ တချို့မှာ လာမယ့် ရက်ပိုင်းအတွင်း ရေပိုကြီးမယ့် စိုးရိမ်စရာ အခြေအနေတွေ ရှိနေတယ်လို့ သတိပေး ပြောကြားထားပါတယ်။
အခုသီတင်းပတ်ထဲမှာ မိုးရေချိန် ၄၀၀ မီလီမီတာကျော်အောင် ရွာသွန်းမယ့် ဧရိယာ တော်တော်များများ ရှိနိုင်တယ်လို့ ခိုဒစ်ပီလီက ဆိုပါတယ်။ အရင်က ရေကြီးမှု အန္တရာယ် သတိပေးချက် သာမန်အဆင့်လောက် ထုတ်ပြန်ထားတဲ့ နယ်မြေတွေမှာပါ အရေးပေါ် သတိပေးချက် ထုတ်ပြန်ရတော့မှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရာသီဥတု အခြေအနေတွေဟာ အချိန်တိုင်း အရေးပေါ်အဆင့် ပြောင်းလဲသွားနိုင်တဲ့အတွက် ပြည်သူတွေက မိုးလေဝသ သတင်းတွေကို စဉ်ဆက်မပြတ် နားစွင့်နေဖို့ လိုတယ်လို့လည်း ခိုဒစ်ပီလီက ပြောကြားသွားပါတယ်။
အခုအခါမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဖို့ သီရိလင်္ကာ လေတပ်က ရဟတ်ယာဉ် ၃ စီးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ၊ ရေတပ်ရဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်ပေးထားပြီး ကြည်းတပ်ကလည်း လိုအပ်သလို အကူအညီပေးဖို့ အသင့်ပြင်ထားပါတယ်။
လျှပ်စစ်ဌာနကတော့ လတ်တလော ရေကြီးမှုတွေ ဆိုးရွားနေဆဲ ကာလမှာ ဓာတ်အားလိုင်းတွေ ပြန်ပြင်ဆင်ဖို့ မဖြစ်နိုင်သေးကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ရေပြန်ကျသွားရင်တော့ ပျက်စီးနေတာတွေကို အမြန်ဆုံး ပြန်မွမ်းမံ တည်ဆောက်ဖို့ စီစဉ်ထားကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တခြား အာရှတောင်ပိုင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာလည်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် အသေအပျောက် ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။
Ref: BBC