စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်တပ်စီးနင်းပြီး အစုအပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်

Photo – This is Sittwe

ဇွန်၊ ၁

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးမှာရှိတဲ့ ဗျိုင်းဖြူရွာထဲကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ရွာသားအားလုံးကို သုံးရက်ကြာဖမ်းဆီးစစ်ဆေးကာ အစုအပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေနဲ့ရွာသားတွေက ပြောကြပါတယ်။

စစ်တွေမြို့နဲ့ တမိုင်၀န်းကျင်အကွာက အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိတဲ့ ဗျိုင်းဖြူရွာထဲကို မေလ ၂၉ ရက်နေ့မှာ အင်အားရာကျော်တဲ့ စစ်ကောင်စီစစ်ကြောင်းတခု ရောက်လာပြီး တရွာလုံးရှိ လူအားလုံးကို ဖမ်းဆီး၊ ထိုင်ခိုင်းကာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ရွာလယ်က နေပူပြင်ထဲမှာ အမျိုးသားတစု၊ အမျိုးသမီးတစုခွဲထိုင်းခိုင်းတယ် ၊ ယောကျာ်းလေးတွေကို အင်္ကျီချွတ်ခိုင်းတယ်၊ ရခိုင်နဲ့ပက်သက်တဲ့ မှင် (tattoo)ပါရင် ပစ်သတ်တယ်၊ သူတို့မေးတာတွေ သေချာမဖြေရင်လည်း သတ်တယ်၊ နာမည်တွေစာရင်းနဲ့ ယူလာပြီးလည်း မေးတယ်”လို့ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဗျိုင်းဖြူရွာထဲရှိ စာကြည့်တိုက်ကွင်း၊ ရွာလယ်လမ်းမနဲ့ ကန်ဘောင်ပေါ်တို့မှာ ၂၉ ရက်ကနေ မနေ့ကထိ သုံးရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်နေခဲ့တာလို့ ဖမ်းဆီးခံခဲ့ရသူတွေက ပြောကြပါတယ်။

ဒီသုံးရက်အတွင်း သတ်ဖြတ်ခံရသူစုစုပေါင်းငါးဆယ်ဝန်းကျင်အထိရှိတယ်လို့ ဒေသခံတွေကပြောကြပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“ကျွန်မတို့အမျိုးတယောက်ကို ပစ်သတ်တာ မြင်ခဲ့ရတယ်၊ ပစ်သတ်နေတဲ့ သေနတ်သံတွေလည်း ဆက် တိုက် နေ့တိုင်းကြားရတယ်”လို့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့အမျိုးသမီးက ပြောပါတယ်။ အဲဒီလို ပစ်ခတ်သတ်ဖြတ်ပြီးနောက် အလောင်းတွေကို မီးရှို့ဖျောက်ဖျက်ခဲ့ကြတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

“အိမ်ပေါ်မှာ ဖမ်းပြီး ပစ်သတ်ထားသူတွေဆို အိမ်ကို မီးရှို့ပစ်တယ်၊ အလောင်းတွေ စုပြီးလည်း မီးရှို့တယ်၊ မသေသေးတဲ့သူတွေကိုပါ မီးထဲရှို့ပစ်တယ်လို့ပြောတယ်” လို့ ဗျိုင်းဖြူရွာထဲ ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်လာသူ တဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး ဒေသခံတဦးက ပြောပြပါတယ်။

ရွာသားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထဲမှာ ဒေါ်စောမြရာဇာလင်းရဲ့ ရခိုင်ပြည်လွတ်လပ်ရေး ပါတီ(ALP)တပ်ဖွဲ့တွေလည်း ပါ၀င်တယ်လို့ ရွာသားတွေက ပြောကြပေမယ့် DNA က သီးသန့်အတည်ပြုလို့မရပါဘူး။

ဗျိုင်းဖြူရွာထဲ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိူသမီးငယ်နှစ်ဦး၊ သက်ကြီးအမျိုးသမီးတဦး ပါ၀င်တာကို လတ်တလော အတည်ပြုထားနိုင်ပြီး ဆယ်ကျော်သက်လူငယ်တွေနဲ့ သက်ကြီးအမျိုးသားတွေလည်း ပါ၀င်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီထဲက အမျိုးသမီးငယ်နှစ်ဦးဟာ သတ်ဖြတ်မခံရခင် စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မပြုကျင့်ခြင်းကို ကြုံခဲ့ရတယ်လို့လည်း ဗျိုင်းဖြူရွာသားတချို့က DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဗျိုင်းဖြူရွာက ရွာသားတွေကို မေလ ၂၉ ရက်နေ့ နေ့လည်ကနေ ၃၁ ရက် မနက်ပိုင်းအထိ ရွာထဲလမ်းမနဲ့ ရွာလယ် ကွင်းပြင်တွေမှာ ဖမ်းဆီး၊ ထိုင်ခိုင်းထားခဲ့တာဖြစ်ပြီး အဲဒီသုံးရက်အတွင်း ထမင်းတနပ်သာ စားခဲ့ရတယ်လို့ ပြန်လွတ်လာသူတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့အပြင် အမျိုးသမီးအပါအ၀င် ရွာသား နှစ်ရာ၀န်းကျင်ကိုလည်း စစ်တွေတပ်နယ်ထဲဖမ်းခေါ်သွားကာ အခုထိ မလွတ်လာသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

“ကျွန်တော့်မှာ ယောက်ဖတယောက်ဖမ်းခံရတယ်၊ ဘယ်မှာ ထားထားတယ်ဆိုတာ အဆက်အသွယ်လည်း မရဘူး”လို့ ဗျိုင်းဖြူရွာသားနောက်တဦးက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီး၊ သတ်ဖြတ်ခြင်းမခံရတဲ့ ကျန်ရွာသားတွေကိုလည်း စစ်တွေမြို့ ၀င်္ကဘာကွင်းကို ပို့ဆောင်ပေးခဲ့ပြီး ရွာထဲ ပြန်မလာဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“မြို့ထဲ ကားနဲ့ခေါ်လာပြီး ၀င်္ကဘာကွင်းမှာ ပစ်ထားခဲ့တယ်၊ တချို့ဆို မြို့ထဲလမ်းလျှောက်လာရတယ်၊ သူတို့တွေမှာ အိမ်က ဘာမှလည်း မယူခဲ့ရတော့ အ ငတ်ငတ်အမွတ်မွတ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ကပ်နေကြရတယ်”လို့ စစ်တွေမြို့မှာ နေထိုင်သူအမျိုးသမီးတဦးက ဗျိုင်းဖြူရွာသားတွေရဲ့ အခြေ အနေကို ပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်အတွင်းမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမျိုးမရှိဘဲ လူနေကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။

ပြီးခဲ့တဲ့လတွေတုန်းကလည်း စစ်တွေမြို့အနီးပတ်လည် ကျေးရွာတွေဖြစ်တဲ့ ကျေးတော၊ ဝါဘို၊ တောကန်၊ ရဲရိုးပြင်၊ ချီလိုင်ဖင်းစတဲ့ရွာတွေကို စစ်ကြောင်းထိုးကာ ရွာသားတချို့ကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

ဗျိုင်းဖြူရွာမှာတော့ ဒီကနေ့ စစ်ကောင်စီတပ်တွေရှိနေဆဲ ဖြစ်ပြီး ရွာခံတွေကိုတော့ ဖမ်းဆီးသွားတာ ၊ရွာမှာမနေဖို့ နှင်ထုတ်ခံရတာတွေကြောင့် ဒေသခံတွေမရှိကြတော့ဘူးလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးကို ထိန်းချုပ်သွားမယ်လို့ သတိပေးထားတဲ့ အာရက္ခတပ်တော် (AA)ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေကာ ပတ်လည်မှာရှိတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီလိုအခြေနေမှာ စစ်ကောင်စီတပ်ဟာ မြို့တော်စစ်တွေပတ်လည်မှာ မြေမြှပ်မိုင်းတွေ ထောင်ထားပြီး အ၀င်အထွက်အားလုံးကို ပိတ်ထားကာ မြို့အနီး၀န်းကျင်ရှိ လူနေရွာတွေမှာလည်း တပ်စခန်းသစ်တွေ ချထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“စစ်တွေသိမ်းခံရမှာကြောက်လို့ ပတ်လည်မှာ ခံတပ်လုပ်ဖို့ ပြင်နေတာလို့ထင်တယ်၊ လူတွေကို  အကြောက်တရား ၀င်အောင် သတ်ပြနေတာ၊ မဆိုင်တဲ့ အရပ်သားတွေကို”လို့ စစ်တွေမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။