အီရန် သမ္မတသစ် နေရာအတွက် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်မယ့်သူ နှစ်ဆယ်ဝန်းကျင်ထိ များပြားနိုင်

မေ၊ ၂၇

သမ္မတ အီဘရာဟင် ရိုင်ဆီ ရုတ်တရက် ကွယ်လွန်သွားတဲ့နောက် ဝမ်းနည်းကြေကွဲမှု ၅ ရက်ကြာ သတ်မှတ်ခဲ့တဲ့ ကာလ ကုန်ဆုံးသွားတဲ့နောက် အီရန်မှာ ရွေးကောက်ပွဲအတွက် လှုပ်လှုပ်ခတ်ခတ် ပြန်ဖြစ်လာပါပြီ။ 

အီရန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ တာဝန်ထမ်းဆောင်ဆဲ သမ္မတ ရုတ်တရက် သေဆုံးရင်၊ ဒါမှမဟုတ် ဆက်လက် တာဝန် မထမ်းဆောင်နိုင်တော့ရင် ဒုတိယ သမ္မတက ယာယီ ထိန်းသိမ်းပေးထားပြီး ရက်ပေါင်း ၅၀ အတွင်း ရွေးကောက်ပွဲ ကျင်းပစေရမှာ ဖြစ်ပါတယ်။

အခုဆိုရင် အီရန် နိုင်ငံရေး ရပ်ဝန်းမှာ ရွေးကောက်ပွဲ ဝင်ပြိုင်ရေးကိစ္စ အတော်ကြီး ဆွေးနွေး တိုင်ပင်မှုတွေ အရှိန်မြင့်လာသလို စုစုပေါင်း သမ္မတလောင်း အယောက် ၂၀ လောက်ထိ ကနဦးအဆင့်မှာ ယှဉ်ပြိုင်ဖို့ စဉ်းစားနေကြပါတယ်။

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လွန်ခဲ့တဲ့ တပတ်ကျော်က ရိုင်ဆီ ရုတ်တရက် ကွယ်လွန်သွားတဲ့နောက် အီရန် အစိုးရက ဇူလိုင် ၂၁ ရက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ရိုင်ဆီဟာ အီရန် အစိုးရရဲ့ တကယ့် အစစ်အမှန် အာဏာရှင် အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ အရိုက်အရာကို နောင်တချိန်မှာ ဆက်ခံမယ့်သူ အနေနဲ့ ထင်ကြေးပေး ခံခဲ့ရပေမယ့် ရုတ်တရက် ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အီရန် သမ္မတဟောင်း တချို့အပါအဝင် ပါတီနိုင်ငံရေး ခေါင်းဆောင်တွေထဲမှာ ရွေးကောက်ပွဲဝင်ဖို့ တိုးတိုးတိတ်တိတ် ပြင်ဆင်မှုတွေ စတင်နေပြီ ဖြစ်ပေမယ့် အားလုံးလိုလိုကတော့ အတိအကျ ဆုံးဖြတ်ချက် မချရသေးဘူးလို့ပဲ မတင်မကျ မှတ်ချက်ပေးထားကြဆဲ ဖြစ်ပါတယ်။

Ref: Guardian