လုံခြုံရေးအရ Miss Grand International ပြိုင်ပွဲ မြန်မာနိုင်ငံမှာ မကျင်းပဖို့ ဆုံးဖြတ်

မေ၊ ၂၄

လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် Miss Grand International (MGI) အလှမယ် ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ မဟုတ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းက ကြေညာခဲ့ပါတယ်။ 

မူလက မြန်မာနိုင်ငံဟာ အဲဒီ အလှမယ် ပြိုင်ပွဲကို အောက်တိုဘာလမှာ အိမ်ရှင်အဖြစ် ရန်ကုန်မှာ လက်ခံကျင်းပဖို့ လျာထားခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံအနှံ့ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး ပြိုင်ပွဲဝင်တွေအတွက် လုံခြုံရေး အာမခံချက် မရှိတာကြောင့် မြန်မာနိုင်ငံမှာ ပြိုင်ပွဲကျင်းပမယ့် ကိစ္စကို ပယ်ဖျက်လိုက်ကြောင်း ပြိုင်ပွဲရဲ့ မူပိုင် ကုမ္ပဏီဖက်က ထုတ်ပြန်ပါတယ်။

MGI 2024 ပြိုင်ပွဲကို လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံမှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးဆိုတာ အတည်ပြုကြောင်း၊ အိမ်ရှင်နိုင်ငံ အသစ်ကို နောက်ပိုင်းမှာ သီးခြား ကြေညာမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ရတ်ချာပို ချန်တာရက်တင်က AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအနှံ့ တော်လှန်ရေး တိုက်ပွဲတွေ အားကောင်းလာနေပြီး မြို့ကြီးပြကြီးတွေထိ စစ်မီးက ပျံ့နှံ့စ ပြုလာနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ ပြိုင်ပွဲဝင်တွေ တော်တော်များများကလည်း ရန်ကုန်ကို သွားရောက်ဖို့ တွန့်ဆုတ်နေတယ်လို့ ရတ်ချာပိုက ဆိုပါတယ်။ ရန်ကုန်မှာ တိုက်ပွဲတွေ ကူးစက်ဖြစ်ပွားနေတာ မဟုတ်ပေမယ့် အာဏာသိမ်း စစ်တပ်ကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှုတွေနဲ့ တခြား တိုက်ခိုက်မှုတွေကတော့ အလျဉ်းသင့်သလို ဖြစ်ပေါ်နေဆဲပါ။ အနောက်နိုင်ငံ တော်တော်များများရဲ့ သံရုံးတွေကလည်း အရေးတကြီး ကိစ္စမဟုတ်ရင် မြန်မာနိုင်ငံကို သွားရောက်တာမျိုး မလုပ်သင့်ကြောင်း အကြံပြု ထုတ်ပြန်ထားပါတယ်။

ဟွန်းဒူးရပ်စ်နိုင်ငံ ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်မယ့် အလှမယ် ဆစ်စီလီယာ ဂါစီယာက လက်ရှိ လုံခြုံရေး အခြေအနေတွေကြောင့် သူဟာ မြန်မာနိုင်ငံကို မသွားလိုဘူးလို့ ထုတ်ပြောထားပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတုန်းက မြန်မာကိုယ်စားပြု အလှမယ် သော်နန္ဒာအောင် (ဟန်လေး)ဟာ အာဏာသိမ်း စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ လုပ်ရပ်တွေအပေါ် လူသိ ရှင်ကြား ရှုတ်ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူဟာ ထိုင်းနိုင်ငံမှာ ပြည်ဝင်ခွင့် မရဘဲ ဘန်ကောက်လေဆိပ်မှာ ရက်ပိုင်းလောက် သောင်တင်နေခဲ့ပြီးမှ ကနေဒါမှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိနိုင်ခဲ့ပါတယ်။

Ref: NDTV