ရိုဟင်ဂျာတွေကို နိုင်ငံရေး၊ စစ်ရေးအတွက် အသုံးချတာရပ်ဖို့ အရပ်ဖက်အဖွဲ့ နှစ်ရာနီးပါး တောင်းဆို

Photo – social media

မေ၊ ၂၂

ရခိုင်ဒေသနဲ့ တနိုင်ငံလုံးကအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေနဲ့ အဖိနှိပ်ခံရိုဟင်ဂျာတွေရဲ့ အသက်အိုး အိမ်စည်းစိမ်၊ ပုံရိပ်တွေကို နိုင်ငံရေး၊ စစ်ရေးလိုအပ် ချက်အတွက် အသုံးချနေတာတွေ ချက်ချင်း ရပ် တန့်ဖို့ တောင်းဆိုကြောင်း အရပ်ဖက်အဖွဲ့ ၁၉၄ ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင် ပြည် နယ်မြောက်ပိုင်းအခြေအနေတွေနဲ့ပက်သက်လို့ အရပ်ဖက်အဖွဲ့တွေက ဒီနေ့ မေလ ၂၂ ရက်မှာ အဲဒီလို ထုတ်ပြန်လိုက်တာပါ။

စစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ်  စစ်မှုမထမ်းမနေရ အမိန့်နဲ့ အတင်းအဓမ္မဖိအားပေးပြီး စစ်သားအ ဖြစ်၊ လူသားဒိုင်းများအဖြစ် စေခိုင်းနေသလို စစ်အုပ်စုကိုယ်စား အကြမ်းဖက်မှု ကျူးလွန်သူတွေအဖြစ်လည်း အသုံးပြုနေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် AA အလိုမရှိကြောင်း ဖိအားပေးဆန္ဒပြခိုင်းကာ ရိုဟင်ဂျာတွေအပေါ် ပြည်သူလူထု အထင် အမြင် လွဲမှားစေအောင်နဲ့ လူမျိုးရေး ပဋိပက္ခတွေ ထပ်ပြီး ဖြစ်လာအောင် လှုံ့ဆော်တာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ‌စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အ တွင်းက ရိုဟင်ဂျာလူငယ်ထောင်ကျော်ကို အတင်း အကျပ်စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ကာ AA နဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ၀င်တိုက်ခိုင်းနေတာကြောင့် သေဆုံးရသူတွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်  ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင်လူမျိုးပိုင် နေအိမ်တွေကိုစစ်အုပ်စုက မီးရှို့ရာမှာလည်း  လက်နက်တပ်ဆင်ထားတဲ့  ရိုဟင်ဂျာတွေကိုပါ ပါ၀င်စေခဲ့ပြီး ရခိုင်နဲ့ ရိုဟင်ဂျာ လူမျိုးစုတွေကြား လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် စတင် ဖန်တီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဲဒီလို လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်အုပ်စုက လုပ်ဆောင်နေတာအပြင် ရွေးချယ်ခွင့်မရတဲ့ ရိုဟင်ဂျာလူထုရဲ့ အခြေအနေနဲ့ နှစ်များစွာ ဖိနှိပ်ပိတ်လှောင်ခံရမှုကြောင့် အကြမ်းဖက်စစ်အုပ်စု ပုံဖော်ချင်တဲ့ပုံစံများအကြား ကြုံနေရတဲ့ အကျပ်အတည်းတွေကို တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူလူထုအနေနဲ့ အထူး သတိထားနားလည်ထားဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။

“မူဆလင်တွေ အကုန်လုံး စစ်တပ်နဲ့ပေါင်းနေတာ မ ဟုတ်ပါဘူး‌၊ AA ကို ထောက်ခံတဲ့သူတွေလည်း အ များကြီးပါ၊ စစ်တပ်က တမင်တကာ ပြဿနာဖြစ်အောင် လုပ်နေတာ”လို့ စစ်တွေမြို့နယ် ဒေသခံရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။

ဒီလို အခြေအနေမှာ လူမျိုးတစုလုံးနဲ့သူတို့ ကိုး ကွယ်တဲ့ ဘာသာတရား တခုလုံးကို သိမ်းကျုံးစွပ်စွဲမှုတွေလည်း ရှိနေပြီး အဲဒီလုပ်ရပ်တွေဟာ လူမျိုး ရေး ဘာသာရေး ပဋိပက္ခတွေနဲ့ လူထုကြား အမုန်းတရား ကြီးမားလာစေဖို့ တွန်းပို့နေတာတွေ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြိုနယ်တို့မှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA ၊ ARA၊ RSO စတဲ့အဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေပြီး အရပ်သားနေအိမ်တွေကို ဖျက်ဆီးမီးရှို့တာတွေ ရှိနေတယ်လို့ AA က ထုတ်ပြန်ထားသလို ဒေသခံတွေကလည်း DNA ကို အလားတူပြောထားကြပါတယ်။

အဲဒီအဖွဲ့တွေဟာ ရိုဟင်ဂျာလူမျိုးစု ပြည်သူတဦးချင်းစီကို လုံးဝကိုယ်စားမပြုကြောင်း နားလည်ပြီး အသေအချာ ခွဲခြားမြင်ဖို့ လိုအပ်တယ်လို့ အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ရိုဟင်ဂျာတွေ အများအပြားနေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ရိုဟင်ဂျာ‌တွေ ရာချီ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်း ပိုက်ထားတဲ့ AA ကတော့ ရခိုင်ပြည်အတွင်းမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို ဘာသာလူမျိုးမခွဲခြားဘဲ တတ်နိုင်သမျှကူညီကာကွယ်ပေးသွားမယ်လို့ ပြော ဆိုထားပါတယ်။

AA ရဲ့ ရခိုင်ထိုးစစ်ကြောင့် စစ်ကောင်စီစခန်းတွေနဲ့မြို့တွေ ဆက်တိုက်လက်လွှတ်လာရတဲ့နောက် ရခိုင်မြောက်ပိုင်းမှာ လူမျိုးရေး၊ဘာသာရေးအရဖိနှိပ်မှုတွေပေါ်ပေါက်နေပြီး ဒီရှုပ်ထွေးတဲ့အထြေအနေတွေအတွက် စစ်အုပ်စုအ​ပြင်AA အနေနဲ့လည်း ဝေဖန်စွပ်စွဲမှုတွေကိုရင်ဆိုင်နေရပါတယ်။