Photo – Social Media
မေ ၊ ၂၀
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စက်သုံးဆီနဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ စတဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လုနီးပါးဖြစ်နေပြီး လက်ကျန်ပစ္စည်းတွေကလည်း စျေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
“ဆန်ကတော့ ရှာလို့တောင်မတွေ့တော့ဘူး၊ မနက်စျေးမှာ နည်းနည်းပါးပါးတော့ တခါတလေ လာရောင်းတာ၊ ကြက်သွန်တွေလည်း ရွာဘက်ကနေ လာရောင်းတဲ့လူတွေ မလာတော့ဘူး” လို့ ပူတာအိုမြို့ခံ ပရဟိတလူငယ်တဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့လောက်ကစပြီး ပူတာအို-မြစ်ကြီးနား ကားလမ်း သွားလာလို့မရတော့တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေတာလို့ သိရပါတယ်။
အခုလ မေလ ၅ ရက်နေ့ကပဲ ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိတော့ ကားလမ်းတလျှောက် တိုက်ပွဲတွေ ဆက်ရှိနေတုန်းပဲလို့ ဆိုကြပါတယ်။
“ဓာတ်ဆီကတော့ ခြောက်သောင်း၊ ခုနစ်သောင်းပေးရတယ် တပုလင်းကို၊ ဒါကလည်း အိမ်တွေမှာ နည်းနည်းပါးပါးရောင်းတာလောက်ပဲရှိတယ်” လို့လည်း အထက်ပါ လူငယ်က ပြောပါတယ်။
လက်ရှိမှာတော့ ပူတာအိုမြို့မှာ ဆန်ကြမ်းတပြည်ကို တသောင်းခွဲဝန်းကျင်၊ ကြက်ဥတလုံး တထောင်ကျော်၊ စားသုံးဆီ တလီတာတဗူးကို သုံးသောင်းဝန်းကျင်၊ ခေါက်ဆွဲခြောက်တထုပ်ကို ငါးထောင်ကျော်နဲ့ စက်သုံးဆီ တလီတာတဗူးကို ရှစ်သောင်းဝန်းကျင်အထိပေးဝယ်နေရပြီး အလွယ်တကူလည်း ဝယ်လို့မရဘူးလို့ သိရပါတယ်။
“ဟိုနားရောင်းသလို၊ ဒီနားရောင်းသလိုနဲ့ လိုက်ဝယ်ရင် ဘယ်မှာရှာရမယ်မှန်းလည်းမသိဘူး” လို့လည်း နောက်ထပ် ပူတာအိုမြို့ခံတဦးက ပြောပါတယ်။
ကားလမ်းအဆက်အသွယ်ပြတ်တောက်နေတဲ့ ပူတာအိုမြို့ကို လေကြောင်းကနေတဆင့် စားသောက်ကုန်တွေ ဝင်ရောက်နေတာရှိပေမယ့် သာမာန်ပြည်သူတွေအနေနဲ့ ဝယ်ယူဖို့ လက်လှမ်းမမှီကြဘူးလို့လည်း ဆိုကြပါတယ်။
KIA/KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ ငြိမ်သက်မှပဲ မြစ်ကြီးနား-ပူတာအို ကားလမ်းကို ဒေသခံတွေအသုံးပြုလို့ အဆင်ပြေလိမ့်မယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်က လမ်းပိတ်ထားတာလည်း မဟုတ်ပါဘူး၊ တိုက်ပွဲတွေရှိတယ်၊ စစ်ကြောင်းတွေရှိတယ်၊ ဒါကြောင့် ကားသမားတွေ၊ ပြည်သူလူထုတွေ သွားလာလှုပ်ရှားဖို့အတွက် လုံခြုံမှုမရှိဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက DNA ကို ပြောပါတယ်။
လက်ရှိမှာတော့ ပူတာအိုမြို့မှာ ဆန်လုံးဝပြတ်လပ်သွားတဲ့ အိမ်ခြေ ရာချီရှိနေပြီး သူတို့ကိုတော့ ပရဟိတသမားတချို့ကပဲ ယာယီကူညီပေးနေတယ်လို့ သိရပါတယ်။
အခုလို အခြေအနေတွေကြောင့် ပူတာအိုဒေသခံတွေကတော့ မြစ်ကြီးနားမြို့ကို လေကြောင်းကနေတဆင့် သွားရောက်တိမ်းရှောင်သွားသူတွေလည်းရှိတယ်လို့ ဆိုကြပါတယ်။
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ မြောက်ဘက် မိုင်နှစ်ရာကျော်မှာရှိတဲ့ ပူတာအိုမြို့ဟာ အရင်ကတည်းက ကုန်းလမ်းဆက်သွယ်ရေးအခက်အခဲရှိတဲ့ ဒေသတခုဖြစ်ပြီး လေကြောင်းကိုပဲ အဓိကအားထားရတာပါ။