ဘေဂျင်းမှာ ရှီကျင့်ဖျင်နဲ့ ပူတင် တွေ့ဆုံ

မေ၊ ၁၆

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

 မေလ ၁၆ ရက်နေ့က ပူတင်ရဲ့ တရုတ် ခရီးစဉ်ဟာ ယူကရိန်း စစ်ပွဲမှာ တရုတ်ရဲ့ ထောက်ခံ အားပေးမှုကို ရရှိဖို့နဲ့ အနောက်နိုင်ငံတွေ ပိတ်ဆို့မှုကြောင့် အထီးကျန် ရပ်တည်နေရတဲ့ ရုရှားစီးပွားရေးမှာ တရုတ်ရဲ့ ကျားကန်ပေးမှုတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါဟာ မတ်လမှာ ရွေးကောက်ပွဲ တကျော့ပြန် အနိုင်ရခဲ့တဲ့နောက်ပိုင်း ပူတင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်လာသလို ၆ လအတွင်း တရုတ်ကို ဒုတိယ အကြိမ်မြောက် ရောက်ရှိခြင်းလည်း ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရချိန်မှာ တရုတ်ရဲ့ ထောက်ခံရပ်တည်မှုဟာ အသက်သွေးကြော လိုအပ်ချက်တခု ဖြစ်လာခဲ့ပါတယ်။

ပူတင်ရဲ့ ခရီးစဉ်ကို ရှီက တခမ်းတနား ကြိုဆိုခဲ့ပုံတွေကို တရုတ်အစိုးရပိုင် CCTV သတင်းဌာနကလည်း ထုတ်လွှင့် ဖော်ပြခဲ့ပါတယ်။ ပူတင်ရဲ့ ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဆက်ဆံရေး မြှင့်တင်မှု အစီအမံသစ်တွေကို ကြေညာနိုင်မယ်ုလိ့လည်း ယုံကြည်ရပါတယ်။

ဘေဂျင်း ခရီးစဉ် မတိုင်ခင် တရုတ် သတင်းဌာန Xinhuaနဲ့ အင်တာဗျူးမှာတော့ ပူတင်က သူဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် တရုတ်ရဲ့ ကြားဝင် ညှိနှိုင်းမှုတွေကို အလေးအနက် ကြိုဆိုမှာ ဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

 Ref: CNN