မြန်မာ့အရေးမှာ တိတ်တိတ်နေပါ သက်ဆင်

(Bangkok Post သတင်းစာ၏ အယ်ဒီတာ့အာဘော်)

မေ၊ ၁၃

ပြီးခဲ့တဲ့ လတုန်းက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ မြန်မာ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု တချို့နဲ့ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းက အများစုကို အငိုက်မိ အံ့ဩသွားစေခဲ့ပါတယ်။

မေ့ထားလို့ မရတဲ့ ကိစ္စက အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟာ လက်ရှိ အချိန်ထိ ဥပဒေကြောင်းအရ ထောင်ဒဏ်စီရင်ချက်ကို ချမှတ်ခံထားရဆဲဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ခံဝန်ကတိသာ ရရှိထားတာပါ။ သူ့ရဲ့ ပြစ်ဒဏ်ဟာ ဩဂုတ်လမှ စေ့ပါလိမ့်မယ်။

 ဖေဖော်ဝါရီလတုန်းက လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီး ထိုင်းရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံကြီးမှာ အကျဉ်းသား လူနာအဖြစ် တက်ရောက်နေရာကနေ လွတ်မြောက်လာချိန် ကတည်းက သက်ဆင်ဟာ သူ့အပေါ် ထောက်ခံမှု အရမ်းအားကောင်းတဲ့ ချင်းမိုင်နဲ့ ဖူးခက်တို့လို နယ်မြေတွေဆီ သွားရောက်ခဲ့ပြီးပါပြီ။ အဲဒီ ဒေသတွေမှာ လူထုက သူ့ကို ဝမ်းသာအယ်လဲ နှုတ်ဆက်ကြပြီး ရဲတွေက လုံခြုံရေး ယူပေးခဲ့ကြပါတယ်။

 ဒါပေမဲ့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတာကတော့ သက်ဆင်ဟာ အရမ်းအတင့်ရဲပြီး စည်းကျော်တဲ့ လုပ်ရပ် တခုလို့ သတ်မှတ်ရပါမယ်။ ယုံကြည် စိတ်ချရတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သက်ဆင်ရဲ့ စည်းရုံးရေး အဖွဲ့တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆီ ချဉ်းကပ်ပြီး မြန်မာ့ ငြိမ်းချမ်းရေး ကြားဝင်ဆွေးနွေးမှုတွေမှာ သက်ဆင်ကို ကိုယ်စားလှယ်အဖြစ် သဘောတူ ခန့်အပ်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား အဖွဲ့တွေကတော့ အဲဒီကိစ္စကို ပယ်ချခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြားပွဲစား လုပ်ပေးချင်ပါတယ်ဆိုတဲ့ သက်ဆင်ရဲ့ ကမ်းလှမ်းချက်ဟာ အခြေအနေတွေကို ပိုရှုပ်ထွေးသွားစေဖို့ပဲ တွန်းပို့ပါလိမ့်မယ်။ အခုဆိုရင် သက်ဆင် ဝင်ပါလိုက်တဲ့အတွက် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံခြားရေး မူ​ဝါဒတွေအပေါ် ဘယ်လိုဘယ်ပုံ ရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာကို ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေက စိုးရိမ်တကြီး မှန်းဆနေကြပါပြီ။

မေးစရာတွေ ရှိပါတယ်။ သက်ဆင်က တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကို ဘာတွေ ပြောခဲ့ပါသလဲ။ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ စွမ်းဆောင်နိုင်စွမ်းက ဘယ်လောက်ရှိပါသလဲ။ သူ့ရဲ့ သဘောထား အမှန်က ဘာလဲ။ သူကမ်းလှမ်းခဲ့တဲ့ ကိစ္စတွေကရော မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ဖြေရှင်းပေးချင်တဲ့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ လိုက်လျော ကိုက်ညီပါသလား။ သက်ဆင် အခုလိုလုပ်တာကို ထိုင်းအစိုးရက ကြိုသိထားခဲ့ပါသလား။ အဲဒါတွေ အားလုံးထက် ပိုအရေးကြီးတာက မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် အာလွန်ကောင်း ကစ်တီကွန်းကရော သက်ဆင်ရဲ့ လုပ်ကွက်အကြောင်း သိခဲ့ရဲ့လား ဆိုတာပါပဲ။

သက်ဆင်ရဲ့ လုပ်ရပ်ဟာ အများကောင်းကျိုးအတွက် ရည်သန်ခဲ့တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ဖို့ ဆိုတာကလည်း ထင်ရှားတဲ့၊ ပါးနပ်လိမ္မာတဲ့ လူပုဂ္ဂိုလ်တွေ ဦးဆောင် ကြားဝင်ပေးဖို့ လိုတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ဒီကိစ္စမျိုးကို လက်တွေ့ လုပ်ဆောင်ရာမှာ အများကြီး သတိထားရပါတယ်။ ပတ်သက်ဆက်နွှယ်တဲ့ နိုင်ငံအသီးသီးရဲ့ အစိုးရတွေက အသိအမှတ်ပြု ထောက်ခံပေးထားတာမျိုးလည်း လိုအပ်ပါတယ်။

ငြိမ်းချမ်းရေး ပွဲစားလုပ်ဖို့ ပြီးခဲ့တဲ့လမှာ သက်ဆင် ကြိုးစားခဲ့တဲ့ ကိစ္စဟာ အခုလမှာတော့ သတင်းမီဒီယာတွေ ရှေ့မှောက်ကို ရောက်ရှိလာပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ်ပေးတယ်ဆိုတဲ့ ကိစ္စမျိုးဟာ ကုန်သွယ်ရေး သဘောတူညီမှုတွေအတွက် ညှိနှိုင်းရတာနဲ့ မတူသလို ပေါ့ပေါ့ပါးပါး နိုင်ငံရေး ဆွေးနွေး အဖြေရှာမှုလည်း မဟုတ်ပါဘူး။ ထိုင်းရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ တမူထူးခြားတဲ့ နောက်ခံ သမိုင်းတွေ ရှိခဲ့သလို အဓိက တိုင်းရင်းသား အင်အားစုကြီး ၈ ခုနဲ့ ဆက်နွှယ်တဲ့ တိုင်းရင်းသားမျိုးနွယ် ၁၃၅ ခုလောက် ပိုင်းခြား တည်ရှိနေပါတယ်။

တိုင်းရင်းသား မျိုးနွယ်စု အများအပြားဟာ နယ်စပ်ဒေသတွေမှာ အဓိက နေထိုင်ကြပါတယ်။ တိုင်းရင်းသား တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေကို ချဲ့ထွင်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ သဘာဝ သယံဇာတ ရင်းမြစ်တွေကို ထိန်းချုပ်ခွင့် ရနိုင်ရေးအတွက် စစ်အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်နေသလို အချင်းချင်း စစ်ခင်းနေတာတွေလည်း ရှိပါတယ်။

အဲဒီလို သူတလူ ငါတမင်း ဖြစ်နေတာတွေကို စုစည်းနိုင်ဖို့ မြန်မာနိုင်ငံမှာ အာဏာစက်နဲ့ အုပ်စိုးခဲ့တဲ့ စစ်တပ်ရော၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတွေကပါ ကြိုးစားခဲ့ဖူးပေမယ့် အောင်မြင်မှု အသီးအပွင့်က အရမ်းနည်းပါးခဲ့ပါတယ်။

နောက်ဆုံးပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်က ပိုပြီးတော့ ရှုပ်ထွေးလာပါတယ်။ နိုင်ငံ အများအပြားဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှ ပေါ်ထွန်းလာတဲ့ တော်လှန်ရေး အင်အားစု အသစ်တွေကို ထောက်ခံ ပံ့ပိုးပေးနေကြပါတယ်။

ထိုင်းအစိုးရနဲ့ အာဆီယံတို့ဟာ မြန်မာ့အရေးကို သတိကြီးကြီးနဲ့ ကိုင်တွယ်ရင်း လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ရေးကို ဗဟိုပြုပြီး နှစ်ဖက်စလုံးအတွက် ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးမယ့် ဘက်မလိုက် လမ်းကြောင်းကနေ ချဉ်းကပ်နေပါတယ်။ ကြားထဲမှာ လွဲချော်မှု တခုခု ရှိလာတာနဲ့ စေ့စပ်ဆွေးနွေးရေး အားထုတ်မှုတွေရော၊ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ရေးမှာပါ လမ်းကြောင်းချော်ပြီး အများကြီး အခက်ကြုံသွားနိုင်ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာကတော့ မြန်မာဖက်က အစုအဖွဲ့တွေနဲ့ သက်ဆင် ဆွေးနွေးတာဟာ ပုဂ္ဂိုလ်ရေး လုပ်ဆောင်ချက်သာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံနဲ့ ပတ်သက်တဲ့ ထိုင်းအစိုးရ မူဝါဒတွေကိုနဲ့ မပတ်သက်ဘူးလို့ အစောပိုင်းမှာ ဖြေရှင်းချက် ပေးထားပါတယ်။ တချိန်တည်းမှာပဲ တချို့သော ဝန်ကြီးတွေက မြန်မာ့အရေးမှာ သက်ဆင်က တဖက်တလမ်းက ဝင်ကူညီချင်တာကို ထောက်ခံ ကြိုဆိုတဲ့သဘော မှတ်ချက်တွေ ပေးလာပါတယ်။

မပြတ်သားမှုတွေ၊ တုံဏှိဘာဝေ ဖြစ်မှုတွေဟာ ထိုင်းရဲ့ သံတမန်ရေး ကဏ္ဍကို ထိခိုက်စေနိုင်တာကြောင့် ရှင်းလင်းပြတ်သားမှုနဲ့ ပွင့်လင်းမြင်သာမှုတွေက မဖြစ်မနေ လိုအပ်ပါတယ်။

စည်းမျဉ်းဥပဒေတွေအရ သက်ဆင်ဟာ ထိုင်းအစိုးရနဲ့ တိုက်ရိုက်ဆက်နွှယ် ပတ်သက်မှု ဘာမှ မရှိပါဘူး။ ဒါပေမဲ့ လက်တွေ့အားဖြင့်တော့ သူဟာ အာဏာရ ညွန့်ပေါင်းအစိုးရရဲ့ ဦးဆောင်ပါတီအပေါ် ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေမှန်း အားလုံး အသိပါ။ ဒီတော့ သူ့လုပ်ရပ်၊ သူ့စကားတိုင်းဟာ ထိုင်းအစိုးရရဲ့ သဘောထားကို ထင်ဟပ်စေတယ် ဆိုတာမျိုး ထင်မြင် ယူဆခံရတာ အနည်းနဲ့အများ ရှိကြမှာ အမှန်ပါပဲ။