မြောက်ပိုင်းမှာ ရုရှားရဲ့ အငိုက်ဖမ်း ထိုးစစ်ဆင်မှုတွေကို တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်းပြော

မေ၊ ၁၁

မြောက်ပိုင်း နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားရဲ့ အလစ်အငိုက် ထိုးစစ်ဆင်မှု နှစ်ခုကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အခုကိစ္စဟာ ရုရှားအနေနဲ့ နောက်ထပ် ထိုးစစ် မျက်နှာစာ အသစ်တခု ထပ်ဖွင့်ပြီး စစ်ရေးအရှိန် မြှင့်တင်လာမယ့် လက္ခဏာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ မေလ ၁၀ ရက်နေ့တုန်းက ပထမအကြိမ်အဖြစ် ရုရှားစစ်သားတွေဟာ ယူကရိန်းဖက်က ဗော့ဗ်ချန့်စ်ခ်မြို့ဖက်ကို ဦးတည်ပြီး ၁ ကီလိုမီတာလောက် ထိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ ယူကရိန်း ပိုင်နက်ထဲ ၁၀ ကီလိုမီတာလောက်ထိ ဝင်ရောက်ပြီး စစ်ဘေးရှောင်တွေကို တားဆီးတဲ့ ဇုန်တခု ပိုင်းခြားသတ်မှတ်ထားဖို့ ဖြစ်နိုင်တယ်လို့ ယူကရိန်းက ဆိုပါတယ်။

ဒါ့အပြင် အဲဒီမြို့ရဲ့ အနောက်ဖက်မှာ တည်ရှိတဲ့ ခရက်စ်နေး ရွာဖက်ကိုလည်း ရုရှားတပ်တွေက ၅ ကီလိုမီတာလောက်ထိ ချီတက်လာခဲ့တယ်လို့ တခြား ယူကရိန်း ရှေ့တန်း သတင်းရင်းမြစ် တဦးက ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းမြောက်ပိုင်း နယ်စပ်တဝိုက်မှာ ရုတ်တရက် လက်နက်ကြီး ပစ်ခတ်မှုတွေ အရှိန်မြှင့်တင်လာခဲ့တဲ့နောက် သံချပ်ကာယာဉ်တွေ အပါအဝင် အခုလိုမျိုး နယ်စပ်ဖြတ်ကျော် ဝင်ရောက်တဲ့ စစ်ကြောင်းတွေ စေလွှတ်ခဲ့တာလို့ သိရပါတယ်။

ခရက်စ်နေးကို ဦးတည်လာတဲ့ ရုရှားစစ်ကြောင်းဆိုရင် တပ်ရင်း ၄ ခု၊ စုစုပေါင်း အင်အား ၂၀၀၀ လောက်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

ယူကရိန်း စစ်တပ်က ရုရှားရဲ့ အငိုက်ဖမ်း တိုက်ခိုက်လာမှု နှစ်ခုကို ပြန်လည် တွန်းလှန်နိုင်ခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်း စစ်မြေပြင်တွေမှာလည်း ရုရှားရဲ့ ထိုးစစ်အရှိန် မြှင့်တင်လာမှုတွေကြောင့် ယူကရိန်း ခုခံရေးတပ်တွေ တဖြည်းဖြည်းချင်း နောက်ဆုတ်ပေးနေရပြီး မြို့ရွာတချို့ကို လက်လွှတ်ခဲ့ရပါတယ်။

ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ကျူးကျော်သူ ရုရှားကို စစ်မနိုင်စေချင်ရင် အနောက်မဟာမိတ် နိုင်ငံတွေက လက်နက်နဲ့ တခြားစစ်ရေး အထောက်အပံ့တွေ ပိုမိုပေးပို့ဖို့ အရေးတကြီး လိုအပ်နေပြီလို့ သတိပေးထားပါတယ်။

Ref: Reuters