တောင်တရုတ် ပင်လယ်မှာ အမေရိကန် ရေတပ်သင်္ဘောကို မောင်းထုတ်ခဲ့တယ်လို့ တရုတ်ကြေညာ

မေ၊ ၁၁

တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်ထိန်းချုပ်ထားရာ ကျွန်းစုနား ချဉ်းကပ်လာတဲ့ အမေရိကန် စစ်သင်္ဘော တစီးကို မောင်းထုတ်ခဲ့တယ်လို့ တရုတ် စစ်တပ်က ကြေညာခဲ့ပါတယ်။

တရုတ် ရေတပ်ဟာ အမေရိကန် ဖျက်သင်္ဘော USS Halseyက ပါရာဆဲလ် ကျွန်းစုနား ကပ်ပြီးတော့ ဖြတ်သန်း ခုတ်မောင်းတာကို အနီးကပ် စောင့်ကြည့်ခဲ့ပြီး မောင်းထုတ်ခဲ့တယ်လို့ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပါရာဆဲလ်ဟာ တရုတ်ရေတပ် ထိန်းချုပ်ထားရာ ပိုင်နက်ရေပြင်ဖြစ်ပြီး အမေရိကန် ဖျက်သင်္ဘောရဲ့ အခုလို အနီးကပ် ခုတ်မောင်းမှုဟာ တရုတ်ရဲ့ လုံခြုံမှုနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်တယ်လို့လည်း တရုတ် တောင်ပိုင်းစင်္ကြံ ရေတပ်ဖွဲ့က စွပ်စွဲခဲ့ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တခုလုံး နီးပါးကို ပိုင်နက်အဖြစ် သိမ်းသွင်းသတ်မှတ်လိုနေတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ပါ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ကတော့ တောင်တရုတ်ပင်လယ်ဟာ နိုင်ငံတကာ ရေပိုင်နက်သာ ဖြစ်တယ်လို့ ယူဆပြီး လွတ်လပ်စွာ ကင်းလှည့်ခွင့်၊ ခုတ်မောင်းသွားလာခွင့် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

မေလ ၁၀ ရက်နေ့က ဖျက်သင်္ဘောရဲ့ ခုတ်မောင်းမှုဟာလည်း နိုင်ငံတကာ ရေကြောင်းဥပဒေ စံနှုန်းတွေနဲ့အညီ နိုင်ငံတကာ ပိုင်နက်ရေပြင်မှာ ကင်းလှည့်ခဲ့တာသာ ဖြစ်တယ်လို့ အမေရိကန် ရေတပ်ဖက်က တုံ့ပြန်ထားပါတယ်။ ပြီးတော့ တရုတရေတပ်ရဲ့ ဖိအားပေးမှုကြောင့် အဲဒီရေပြင်ကနေ ထွက်ခွာခဲ့ရတာ ဆိုတာကိုလည်း အမေရိကန်က ငြင်းဆိုထားပါတယ်။

တရုတ်ရေတပ်ဟာ ပါရာဆဲလ်စ်နဲ့ ဆက်စပ်ကျွန်းစုတချို့မှာ ကမ်းဝေး အခြေစိုက်စခန်းတွေ တည်ဆောက်ထားပေမယ့်လည်း အမေရိကန်ကတော့ အဲဒီဧရိယာဟာ နိုင်ငံတကာ ရေပိုင်နက်သာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နဲ့ ဖိလစ်ပိုင်ကြားမှာ အတင်းမာဆုံး ဖြစ်လာပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းစတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ပါ နောက်ထပ် သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ 

Ref: Reuters