မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ သက်ဆင် တွေ့ဆုံခဲ့မှုကို ထိုင်းအတိုက်အခံ ဝေဖန်


မေ၊ ၁၀

မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်ဆိုတဲ့ ကိစ္စဟာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ဖြစ်သွားစေနိုင်တယ်လို့ ထိုင်းရဲ့ ရွေးကောက်ခံ အတိုက်အခံ အမတ်တဦးက ဝေဖန်နေကြပါတယ်။

ထိုင်းအောက်လွှတ်တော်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ကော်မတီက ဧပြီလထဲမှာ သက်ဆင်နဲ့ မြန်မာ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တော်လှန်ရေး အစုအဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းသွားမယ်လို့ ပြောပါတယ်။

သက်ဆင်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ကြားဝင်စေ့စပ်ပေးတဲ့ အခန်းကဏ္ဍကနေ တာဝန်ယူပေးလိုကြောင်း NUGအပြင် ကချင်အမျိုးသား အဖွဲ့ချုပ် (KNO)လို တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးချိန်မှာ ကမ်းလှမ်းခဲ့တယ်လို့ ထိုင်းနဲ့ နိုင်ငံတကာ မီဒီယာ တချို့က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သက်ဆင်ဟာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ရဲ့ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သက်ဆင် ကိုယ်တိုင်ကတော့ အဲဒီ သတင်းတွေအပေါ် တရားဝင် ကြေညာချက်ထုတ်ပြန် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ထိုင်းအစိုးရကလည်း အခုတွေ့ဆုံမှုဟာ သက်ဆင် တဦးတည်းရဲ့ သဘောဆန္ဒဖြစ်ပြီး ထိုင်းရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ကိုယ်စားမပြုဘူးလို့ ကြေညာထားပါတယ်။

 ဒါပေမဲ့လည်း အောက်လွှတ်တော် ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ရန်ဆီမန် ရုမ်းက သက်ဆင်ရဲ့ ကိုယ့်သဘောနဲ့ကိုယ် ဝင်စွက်ဖက်တဲ့ ကိစ္စဟာ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ဖို့ ထိုင်းက အားထုတ် ကြိုးပမ်းနေတာတွေကို ထိခိုက် ရှုပ်ထွေးသွားစေနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ သက်ဆင်ဟာ ထိုင်းအစိုးရထဲမှာ ရာထူးနေရာတခု ခန့်အပ်ခံထားရတာ မရှိသလို ကိုယ်စားလှယ် တဦးအနေနဲ့လည်း တာဝန်ပေး မခံရကြောင်း ရန်ဆီမန်က ဆိုပါတယ်။

မြန်မာ့ အရေးမှာ ပြိုင်ဘက် အစုအဖွဲ့တွေကြား ဝင်ရောက် စေ့စပ်ပေးတဲ့ အခန်းကဏ္ဍမျိုးကို ထိုင်းက တာဝန်ယူသင့်တယ် ဆိုတာကို လက်ခံကြောင်း၊ ဒါပေမဲ့လည်း မျှတပြီး သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတော့ လိုအပ်ကြောင်း အတိုက်အခံ Move Forwardပါတီ (MFP)ရဲ့ ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ရန်ဆီမန်က ထောက်ပြခဲ့ပါတယ်။

သက်ဆင်ဟာ လက်ရှိ ထိုင်းညွန့်ပေါင်း အစိုးရကို ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီ (PTP)ကို နောက်ကွယ်က ကြိုးကိုင်သူအဖြစ် သတ်မှတ် ခံထားရပေမယ့် ထိုင်းအစိုးရ အဖွဲ့နဲ့ တရားဝင် ပတ်သက်နေမှုတော့ မရှိပါဘူး။ လွှတ်တော်ထဲမှာလည်း သက်ဆင်က ရွေးကောက်ခံထားရတာ မဟုတ်တာကြောင့် မြန်မာ့အရေးမှာ ထိုင်းက ကူညီဖြေရှင်းဖို့ ကြိုးပမ်းနေမှုတွေမှာ သူပါဝင်ပတ်သက်ခြင်းက အရှုပ်အထွေးတွေကိုသာ ဖြစ်သွားစေနိုင်တယ်လို့ ရန်ဆီမန်က ဝေဖန်သွားပါတယ်။

သူက ထိုင်းအစိုးရ အနေနဲ့လည်း သက်ဆင်ရဲ့ လုပ်ရပ်အပေါ် အတိအလင်း ရှုတ်ချသင့်တယ်လို့ ပြောပါတယ်။ အစိုးရက ပြတ်ပြတ်သားသား ငြင်းဆိုပယ်ချတာမျိုး မရှိတဲ့အခါ ထိုင်းပြည်သူတွေက လောလောဆယ် တကယ်တမ်း တာဝန်ယူထားတဲ့ ဝန်ကြီးချုပ်က ဘယ်သူလဲဆိုတာ ဝေဝါးစရာတွေ ဖြစ်သွားနိုင်တယ်လို့ ရန်ဆီမန်က ဆိုပါတယ်။

ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အတွင်းသိ တချို့ရဲ့ အဆိုအရတော့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေဟာ သက်ဆင်က ကြားလူအဖြစ် ဝင်ဖြေရှင်းပေးဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြကြောင်း သိရပါတယ်။ သက်ဆင်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြောင်း ခြေခြေမြစ်မြစ် ဘာမှ သိမထားဘူးလို့ တော်လှန်ရေး အင်အားစုတွေက ယူဆနေပြီး KNOကိုတောင် တခြား အင်အားကြီး ကချင် လက်နက်ကိုင် အင်အားစု တခုဖြစ်တဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ အတူတူပဲလို့ သက်ဆင်က အမှတ်မှားနေခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

Ref: Nation