လွိုင်ကော်တက္ကသိုလ် ပါချုပ်အပါအဝင် ငါးဦးကို IEC က လွတ်ငြိမ်းချမ်းသာခွင့်ပေး

Photo KNDF

မေ ၊ ၉

ကရင်နီ(ကယား)ပြည်နယ်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ငါးဦးကို မေလ ၈ ရက်ကစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်ပြီလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ(IEC)က  ထုတ်ပြန်ပါတယ်။ 

IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က တော့ လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေး ဘုတ် အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် သုံးသပ်ပြီး အခုလို လွတ် ငြိမ်းချမ်းသာခွင့်ပြုလိုက်တာလို့ဆိုပါတယ်။ 

“ဘုတ်အဖွဲ့ရဲ့ အစီရင်ခံစာ၊ သုံးသပ်ချက်ပေါ်မှာ မူတည်ပြီးတော့မှ IEC ဘက်က အများဆုံး ဖြတ် ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးဖို့ ဆုံးဖြတ်ပြီးတော့မှ စီစဥ် လိုက်တာဖြစ်ပါတယ်”လို့ ခူးပလုရယ်က DNA ကို ပြောပါတယ်။ 

ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးဥပဒေ ပုဒ်မ (၃၂) အရ အခုလို ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ခွင့် ပြုလိုက်တာလို့လည်း IEC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒုပါမောက္ခချုပ် ဒေါ်သီတာတို့အပါအဝင် ဆရာ/ဆရာမ ငါးဦးကို ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က တရားလို ပြုလုပ်ကာ တရားစွဲခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ ကတော့ သူတို့ ငါးဦးစလုံးကို ကရင်နီပြည်နယ် တရားရုံးက မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)အရ ထောင်ဒဏ် နှစ်နှစ်စီနဲ့ ငွေဒဏ်ကျပ် ကိုးသိန်းစီချမှတ်ခဲ့တာပါ။ 

“သူတို့ရဲ့ နေရပ်ကို အရောက်ပြန်နိုင်ဖို့အတွက် ဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ပို့ဆောင် ပေးလိုက်တဲ့ အနေအထားရှိပါတယ်” လို့လည်း  IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။ 

ကရင်နီပြည်နယ်မှာ (၁၁၁၁) စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ လွိုင်ကော်တက္ကသိုလ်ရှိ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အချိန် ပါချုပ်အပါအဝင် ပိတ်မိနေတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦးကို ကရင်နီတပ်တွေက ခေါ်ထုတ်လာခဲ့တာပါ။ 

အခုလို လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ ငါးဦးကလွဲလို့ ကျန်တဲ့ ဆရာ/ဆရာမ၊ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကိုတော့ စစ်ကောင်စီယန္တရားတွေမှာ ဆက်လက်ပါဝင်တာမလုပ်ကြဖို့ ခံဝန်လက်မှတ်ထိုးစေပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။