ကျိုက်ထိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုPDF နဲ့ ဆက်သွယ်လို့ဖမ်းဆီး

Photo. Google

မေ၊ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ ယာဉ်ထိန်းရဲတဦးကို တော်လှန်ရေးအင်အားစုနဲ့ အဆက်အသွယ်လုပ်တဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

“ပထမတော့ သူတို့နှစ်ယောက်က ရုံးမှာပဲ ခေါ်ပြီး စစ်တာပါ၊ ဖမ်းတာမဟုတ်ပါဘူး၊ သူတို့အချင်းချင်း ဖုန်းကြည့်ရင်းနဲ့ ဟိုဘက်(PDF)နဲ့ ဆက်သွယ်စကားပြောထားတာတွေ့လို့ပါ” လို့ အမည်မဖော်လိုတဲ့ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

သူတို့နှစ်ဦးက သထုံခရိုင်အတွင်းမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်ရေးသတင်းနဲ့ပတ်သက်ပြီး သတင်းပေးတာနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်မှုရှိနေတဲ့သူတွေကို အမည်စာရင်းပေးပို့တာ အစရှိတဲ့ အပြန်အလှန်ပြောဆိုထားတာကို တွေ့ရှိခဲ့တဲ့အတွက် အခုလပထမပတ်အတွင်းဖမ်းဆီးခဲ့တာ လို့ ဆိုပါတယ်။

သူတို့နှစ်ဦးကို ကျိုက်ထိုမြို့မရဲစခန်းကို ကနဦးစစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိ စစ်ကောင်စီတပ်ရင်းတခုရဲ့ စစ်ကြောရေးကိုခေါ်ဆောင် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

!!နောက်ပိုင်း ဝန်ခံလိုက်တော့ နောက်ဆက်တွဲက ဘယ်လိုလာမလဲတော့ မသိဘူးပေါ့နော်၊ သေချာတာ တခုကတော့ အကြမ်းဖက်နဲ့ အမှုဖွင့်ရဖို့တော့ ရှိနေတာပေါ့” လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

အခုဖမ်းဆီးခံထားရတဲ့သူနှစ်ဦးရဲ့ မိသားစုဝင်တွေထံ အဆက်အသွယ်ရရှိဖို့ကို DNA က ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်ကို DNA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။

မွန်ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတချို့ တော်လှန်ရေးအင်အားစုတွေထံ ဆက်သွယ်သတင်းပေးတာမျိုးရှိခဲ့ပေမယ့် ခေါ်ယူထိန်းသိမ်းဖမ်းဆီးခံရတဲ့ဖြစ်စဉ်က အခုပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။