ထားဝယ်-မြိတ် ကားလမ်းပေါ်ကစစ်စခန်း သိမ်းပိုက်ခံရ၊ စစ်သား နှစ်ဆယ်ကျော် အရှင်မိ

Photo – ဖက်ဒရယ်စစ်ကြောင်း (ပုံစာ – စခန်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့)

မေ၊ ၈

ထားဝယ်-မြိတ် ကားလမ်းပေါ်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ စစ်ကောင်စီ တပ်စခန်းမှာ သုံးရက်ကျော်ကြာ တိုက်ပွဲပြင်း ထန်ခဲ့ပြီးနောက်ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ပြီလို့ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

“KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ရရှိပါ တယ်၊ လောလောဆယ်တော့ အရှင်ဖမ်းမိတာတွေ၊ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတွေလည်း ရှိပါတယ်” လို့ ဖက်ဒရယ်စစ်ကြောင်းရဲ့ ဒုစစ် ကြောင်းမှူး ကိုမင်းထက်က DNA ကို ပြောပါတယ်။ 

သရက်ချောင်းမြို့နယ်နဲ့ ပလောက်မြို့နယ်ခွဲ အစပ်မှာရှိတဲ့ အဲဒီပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို မေလ ၅ ရက်နေ့၊ မနက်ပိုင်းကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ 

“အရှင်ဖမ်းမိတာ ၂၂ ယောက်ရှိတယ်၊ သေတာ လည်းရှိတယ်၊ ထွက်ပြေးသွားတာလည်းရှိတယ်၊ စခန်းသိမ်းခါစကတော့ လေကြောင်းကနေကြဲ သေး တယ်၊ အခုတော့ငြိမ်သွားပြီ” လို့ KNLA တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ ရဲ့ ပူးတွဲတပ်ရင်းမှူးဖြစ်သူ စောမှူးဂေက DNA ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က K8 W ဂျက်ဖိုက်တာ၊ Mi 2 စစ်ရဟတ်ယာဥ်တွေနဲ့ နေ့တိုင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ပဲဒက်ရွာအနောက်ဘက် ခြောက်မိုင်ကျော်အကွာ ပင်လယ်ပြင်မှာရှိတဲ့ ရေတပ်စစ်သင်္ဘောကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“စခန်းက တပ်စုအဆင့်စခန်း၊ အနည်းဆုံးကတော့ အဲဒီစခန်းမှာ သုံးဆယ်လောက်ထားလေ့ရှိတယ်၊ သူတို့အသည်းအသန်ခုခံပုံကြည့်တာနဲ့ အဲဒီစခန်းက ဘယ်လောက်အရေးပါလဲဆိုတာ သိနိုင်တယ်”လို့ ကိုမင်းထက်က ပြောပါတယ်။ 

ဖက်ဒရယ်စစ်ကြောင်းဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) ထားဝယ်ခရိုင် အမှတ် (၂)တပ်ရင်းတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ စစ်ကြောင်းတခုဖြစ်ပြီး သရက်ချောင်းမြို့နယ်ထဲမှာ အဓိက လှုပ်ရှားပါတယ်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးတာရှိပြီး အရေအတွက်တော့ အတိအကျမသိရသေးပါဘူး။ 

နှစ်ဖက်တိုက်ပွဲကြောင့် ထားဝယ်-မြိတ် ကားလမ်းမပေါ် ခရီးသည်ကား ရာချီလည်း ပိတ်မိနေခဲ့ပြီး ပဲဒက်ရွာခံတွေနဲ့ အနီးအနားရှိဒေသခံတွေကတော့ တိုက်ပွဲစဖြစ်ကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အခုနှစ် အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မကြာခဏရှိလာနေပြီး စခန်းသိမ်းပိုက်ရရှိတာတွေလည်း များလာနေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ဝန်းကျင်ရှိတဲ့ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသအခြေစိုက် ကျောက်ထုစခန်း၊ ထားဝယ်မြို့နဲ့ ခြောက်မိုင်ကျော်အကွာ ရောင်းမော်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်း၊ ထီးခီးနယ်စပ်အနီး မောထာရွာအခြေစိုက် အင်အားလေးဆယ်ကျော်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းတို့ကို အခုနှစ် ပထမလေးလအတွင်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တိုင်းစစ်ဌာန(တနင်္သာရီ) ပြောရေးဆိုခွင့်ရှိသူ ကိုဂျိုကာကတော့ အခုနှစ်အတွင်း စစ်ကောင်စီအခြေစိုက်စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ အဓိကလုပ်ဆောင်သွားမယ်လို့လည်း DNA ကို ပြောဆိုထားဖူးပါတယ်။