ဖားဆောင်းမြို့တွင်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

Photo. DMO ၁၁၀၆ တပ်ရင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်


မေ ၊ ၆

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့ကို ကရင်နီပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ ကိုသာအယ်စိုးက DNA ပြောပါတယ်။ 

“၁၃၄ နဲ့ ၁၃၅ ပေါ့နော်၊ ဖားဆောင်းအခြေစိုက် တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်၊ တပ်စခန်းနှစ်ခုလုံးကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးပေါ့နော်၊ စစ်ဆင်ရေးတွေ လုပ်နေတုန်းပါပဲ” လို့ ကိုသာအယ်စိုးက ပြောပါတယ်။ 

သံလွင်မြစ်အနောက်ဘက် မြစ်ကမ်းနံဘေးမှာရှိတဲ့ ဖားဆောင်းမြို့ထဲက စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၁၃၄ နဲ့ ၁၃၅ တို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၉ ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်နေတာလို့ သိရပါတယ်။ 

ကရင်နီဒေသတဝှမ်း အရင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်း၊ ဗျူဟာကုန်း၊ ရဲစခန်း စတဲ့နေရာတွေကိုသာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်တာရှိပြီး တပ်ရင်းဌာနချုပ်တွေကို ဝင်တိုက်တာက အခုတကြိမ် ပထမဆုံးဖြစ်ပါတယ်။ 

ဖားဆောင်းမြို့မှာတော့ ခလရ ၁၃၄ နဲ့ ၁၃၅ ပဲ အဓိက ကျန်နေပြီး အဲဒီတပ်ရင်းတွေကို သိမ်းပိုက်နိုင်ရင်တော့ တော်လှန်ရေးတပ်တွေက မြို့ကို ထိန်းချုပ်နိုင်တော့မယ် အနေအထားဖြစ်ပါတယ်။ 

“စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူတွေ၊ လေကြောင်းအစောင့်တပ် အသုံးပြုတိုက်ခိုက်တာမျိုးရှိတယ်၊ အထူးသဖြင့် မေလ ၄ ရက်နေ့ကနေစပြီးတော့ ဒီနေ့အထိ လေယာဥ်နဲ့တိုက်ခိုက်တာရှိတယ်” လို့လည်း KNDF ပြန်ကြားရေးတာဝန်ရှိသူ ကိုသာအယ်စိုးက ပြောပါတယ်။ 

အဲဒီတပ်ရင်းတွေကို ဝင်တိုက်တဲ့ တချိန်တည်းမှာပဲ ဖားဆောင်းမြို့နယ်ထဲက ဘုရားစေတီတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ DMO ၁၁၀၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

အဲဒီတိုက်ပွဲတွင်းမှာတော့ ပိတ်မိနေတဲ့ အရပ်သား ၁၃၀ ကျော်ကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး ဘေးလွတ်ရာ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဖားဆောင်းမြို့ခံတွေကတော့ မြို့တွင်းတိုက်ပွဲစဖြစ်ကတည်းက ဘေးလွတ်ရာ ရှောင်တိမ်းကုန်ကြပြီလို့ ဆိုပါတယ်။ 

“မြို့တွင်းတိုက်ပွဲမဖြစ်ခင်က တချို့ရွှေ့ကြတယ်၊ အများစုကမရှောင်ကြဘူး၊ တိုက်ပွဲဖြစ်မှရှောင်ကြတယ်၊ လောလောဆယ်တော့ ပြည်သူတွေအားလုံးနီးပါး စစ်ရှောင်ထားတယ်” လို့လည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

ဖားဆောင်းဘက်တိုက်ပွဲတွေကိုတော့ တပ်ရင်းနှစ်ရင်းနဲ့ ဗျူဟာစခန်းတခု အခြေစိုက်တဲ့ မိုင်လေးဆယ်ခန့်အကွာ ဘောလခဲမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကူလာတာရှိတယ်လို့ သိရပါတယ်။ 

ဘောလခဲကနေ စစ်ကူလာတဲ့ အဲဒီစစ်ကောင်စီတပ်တွေကိုတော့ မတ်လ ၂၀ ရက်နဲ့ ဧပြီလ ၁၂ ရက်တို့မှာ တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဆယ်နီးပါး သေဆုံးတဲ့အပြင် ဗျူဟာမှူးအပါအဝင် ၅၆ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ DMO ၁၁၀၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

ဖားဆောင်းတိုက်ပွဲအတွင်းမှာတော့ ကရင်နီတပ်မတော်(KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ KNDF နဲ့ PDF တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း အကျအဆုံးရှိနေပါတယ်။ 

ဒါ့အပြင် ဖားဆောင်းကိုစစ်ကူလာတဲ့ စစ်ကောင်စီရဲ့ရဟတ်ယာဥ်တစီးကိုလည်း ပူးပေါင်းတပ်တွေက ဒီကနေ့ပစ်ချနိုင်ခဲ့တယ်လို့သိရပေမယ့် DNAကသီးခြားအတည်မပြုနိုင်သေးသလိုအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပါတယ်။

ကရင်နီ(ကယား)ဒေသမှာ (၁၁၁၁) စစ်ဆင်ရေးစတင်ပြီးနောက် လေးလကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ 

၁၁၁၁ စစ်ဆင်ရေးနဲ့ အဲဒီမတိုင်ခင် ဇွန်လ ၁၃ ရက်မှာ စတင်ခဲ့တဲ့ မိုခါမုန်တိုင်း စစ်ဆေးရေးတို့ကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ မယ်စဲ့မြို့နယ်နဲ့ ရှားတောမြို့နယ်တွေက တပ်စခန်းအကုန်လုံးကိုလည်း ကရင်နီတပ်တွေ သိမ်းပိုက်နိုင်ခဲ့လို့ နယ်စပ်တလျှောက်လုံးကိုပါ ကရင်နီတပ်တွေ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အဲဒီ မယ်စဲ့နဲ့ ရှားတောမြို့နယ်တွေအပါအဝင် သံလွင်မြစ်ရဲ့ အရှေ့ဘက်ခြမ်းဒေသတခုလုံးမှာ စစ်ကောင်စီတပ်က လုံးဝကင်းစင်သွားပြီဖြစ်သလို သံလွင်မြစ်အနောက်ဘက်ခြမ်းက ဒီးမော့ဆို၊ ရွာသစ်၊ နန်းမယ်ခုံ၊ မော်ချီးနဲ့ မိုးဗြဲစတဲ့ မြို့တွေကိုလည်း အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီတော်လှန်ရေးတပ်တွေဘက်က ပြောထားပါတယ်။