အပူနည်းနည်းလျော့လာလို့ ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းတွေပြန်ဖွင့်

မေ၊ ၆

ခြစ်ခြစ်တောက် ပူပြင်းလှတဲ့ နေ့ရက်တွေကို ကျော်လွှားခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

အာရှတောင်ပိုင်းက နိုင်ငံမှာ ဆိုးဆိုးရွားရွား အပူချိန် မြင့်တက်မှုတွေကြောင့် လွန်ခဲ့တဲ့ တပတ်လောက်မှာ စာသင်ကျောင်းတွေကို မဖြစ်မနေ ယာယီ ပိတ်ထားခဲ့ရတာပါ။ အဲဒီ အတောအတွင်း အာဏာပိုင်တွေက ကျောင်းပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် တရက်အကြာမှာပဲ ကျောင်းတွေကို ပြန်ပိတ်စေခဲ့ရပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ ပျမ်းမျှ နေ့အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ် အထက်မှာပဲ ဆက်တိုက် ရှိနေခဲ့တာကြောင့် ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့အတွက် ကလေးတွေကို ကျောင်းမလာကြဖို့ ညွှန်ကြားခဲ့ရတာပါ။ အဲဒီအတောအတွင်း ကျောင်းတချို့က အွန်လိုင်းကနေ ချိတ်ဆက်ပြီး သင်ခန်းစာတွေ ဆက်လက် ပို့ချပေးတာမျိုး ရှိခဲ့ပါတယ်။

မေလ ၅ ရက်နေ့မှာတော့ အပူချိန်က လျော့ကျစ ပြုလာပြီ ဖြစ်တဲ့အတွက် ကလေး ၃၃ သန်းလောက်ဟာ ကျောင်းပြန်တက်ခွင့် ရတော့မယ်လို့ ပညာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းတုန်းက ဘင်္ဂလားဒေ့ရှ်ဟာ ဆယ်စုနှစ် ၇ ခုစာ တိုင်းတာမှုတွေအတွင်း အပြင်းထန်ဆုံး အပူလှိုင်းဖြတ်မှုကို ကြုံခဲ့ရပြီး တချို့နေရာတွေမှာ အပူချိန် ၄၃.၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

နွေရာသီမှာ အပူလျှပ်နိုင်ခြေတွေနဲ့ ပတ်သက်လို့ စိတ်မချရသေးဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း စာမေးပွဲ နီးကပ်လာတဲ့ အချိန်မှာ ကျောင်းတွေကို ကြာကြာ ပိတ်ထားခြင်းက ကလေးတွေအတွက် အဆင်မပြေနိုင်ဘူးလို့ ပညာရေးဌာန တာဝန်ရှိသူတွေက ဖြေရှင်းခဲ့ပါတယ်။

ပညာရေးဝန်ကြီး မိုဟီဘူလ် ဟာဆန် ချောင်ဒ်ဟူရီကလည်း သင်ရိုးတွေကို အပြတ်ဖြတ်ဖို့ဆိုရင် ကျောင်းတွေ ပြန်ဖွင့်ဖို့ မဖြစ်မနေ လိုနေပြီလို့ မှတ်ချက် ပေးထားပါတယ်။

ကလေးတွေ ကိုယ်တိုင်ကလည်း အိမ်မှာနေပြီး စာသင်ရတာကို သဘောမကျဘူးလို့ မိဘတွေက မှတ်ချက်ပေးပါတယ်။ ကျောင်းတွေ ပြန်ဖွင့်စေတာနဲ့ ပတ်သက်လို့တော့ သဘောတူသင့် မတူသင့် ဆိုတာကို မိဘတွေလည်း ဇဝေဇဝါ ဖြစ်နေကြပါတယ်။

ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အေဂျင်စီကတော့ ဘင်္ဂလားဒေ့ရှ်မှာ ကလေးဦးရေ စုစုပေါင်းရဲ့ သုံးပုံတပုံ၊ တနည်းအားဖြင့် အရေအတွက် သန်း ၂၀ နီးပါးလောက်ဟာ နှစ်စဉ် အဲဒီလို အပူဒဏ်ကို ပြင်းပြင်းထန်ထန် သက်ရောက် ခံစားရလိမ့်မယ်လို့ သတိပေးထားပါတယ်။

 Ref: CNA