ဆွမ်ပရာဘွမ် ဗျူဟာစခန်းကိုKIA သိမ်းပိုက် ။မြို့သိမ်းနိုင်ဖို့လက်တကမ်းသာလို

မေ ၊ ၅

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ မေလ ၅ ရက်၊ မနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပြီလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပါတယ်။ 

“ခလရ ၄၆ က ဗျူဟာစခန်းဖြစ်ပါတယ်၊ အဲဒီစခန်းကို သိမ်းပိုက်လို့ရပြီဆိုပြီး ဒီမနက် ရှေ့တန်းကနေ သတင်းပေးလာတာရှိပါတယ်၊ နယ်မြေရှင်းလင်းရေးလည်း လုပ်နေပါပြီ” လို့ ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။ 

ဆွမ်ပရာဘွမ်မြို့နဲ့ မိုင်တဝက်လောက်သာဝေးတဲ့ အဲဒီဗျူဟာတပ်စခန်းကို မတ်လအလယ်လောက်ကတည်းက KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးတုံ့ပြန်တာတွေ ဆက်တိုက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

လက်နက်ကြီးတွေနဲ့ အခိုင်အမာတပ်ချထားတဲ့ အဲဒီဗျူဟာခန်းအတွင်း ဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာတော့ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းတချို့နဲ့ လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

ဆွမ်ပရာဘွမ်မြို့မှာစစ်ကောင်စီစခန်းငယ်၂ခုသာကျန်ရှိတော့ပြီး အဲဒီစခန်းငယ်တွေကို သိမ်းပိုက်နိုင်ရင် မြို့ကိုထိန်းချုပ်နိုင်ပြီလို့ KIAပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

“ဆွမ်ပရာဘွမ်ရဲ့ အနီးပတ်ဝန်းကျင်မှာတော့ တပ်စခန်းက မရှိသလောက်ဖြစ်နေပါပြီ၊ ဗျူဟာစခန်းနဲ့ မြို့ကြားမှာ စခန်းငယ်နှစ်ခုပဲကျန်ပြီ၊ အဲဒါကို ဝင်တိုက်နေတာ၊ ဒါပြီးလို့ရှိရင်တော့ အကုန်လုံးပေါ့နော်၊ မြို့ပါသိမ်းပိုက်နိုင်တဲ့အနေအထားဖြစ်မှာပါ” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ 

မြစ်ကြီးနား-ပူတာအို ကားလမ်းမပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ထဲက ရဲစခန်းနဲ့ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ နေရာတချို့ကို မတ်လ ၁၆ ရက်နေ့လောက်ကတည်းက KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီအချိန်ကတည်းက KIA ပူးပေါင်းတပ်တွေ ဆွမ်ပရာဘွမ်မြို့ထဲ အခြေချထားပြီးသားလို့လည်း သိရပါတယ်။ 

ကချင်ပြည်နယ်ထဲ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်တဝိုက်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း KIA ဦးဆောင်တဲ့ တပ်တွေက မတ်လ ၇ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိတော့ ဗျူဟာကုန်းတွေအပါအဝင် စခန်းပေါင်း ငါးဆယ်ကျော်အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကိုပါ KIA သိမ်းပိုက်ထားနိုင်ပါတယ်။

Photo.Social Media