တော်လှန်ရေးတပ်တွေဆီစစ်သင်တန်းတက်မယ့်လူငယ်တွေ မော်လမြိုင်မှာ ခပ်စိပ်စိပ် အဖမ်းခံနေရ

Photo – MSRF (မွန်ပြည်နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့)

မေ၊ ၄

တော်လှန်ရေးအင်အားစုတွေဆီ စစ်သင်တန်း တက် ဖို့အတွက် နယ်စပ်ဒေသတွေဆီသွားတဲ့ လူငယ် တ ချို့ အခုရက်ပိုင်းထဲ မော်လမြိုင်မြို့မှာ ဖမ်းဆီးခံ ရတဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်​လာတယ်လို့ မြို့ခံ တွေနဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

“သူတို့(စစ်ကောင်စီ)ထုတ်ပြန်နေတာ တကယ်နော်၊ ကြောက်အောင် ခြောက်နေတာမဟုတ်ဘူး၊ လှိုင် ဘက်က တည်းခိုခန်းမှာ ဝင်ဖမ်းတာနော်၊ တခါ မဟုတ်တော့ဘူး၊ အဲဒီလို ဖမ်းဆီးခံရတဲ့လူတွေက ခပ်စိပ်စိပ်ဖြစ်လာတာ၊ မော်လမြိုင်မှာဆို ပြီးခဲ့တဲ့ လထဲ လေးခါလောက်တောင် ရှိမယ်” လို့ မော်လမြိုင်မြို့ခံတဦးက DNA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူအများစုဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ်တွေဖြစ် ကြတယ်လို့ သိရပါတယ်။

သူတို့က ကရင်ပြည်နယ်နဲ့ တနင်္သါရီတိုင်းဘက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေဆီ စစ်သင်တန်းတက်ရောက်ဖို့ မော်လမြိုင်မြို့ပေါ် တည်းခိုခန်းနဲ့ နေအိမ်တွေမှာ ခေတ္တတည်း ခိုနေ ချိန်မှာ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အမျိုးသားသုံးဦးနဲ့ အမျိုးသမီး တဦးတို့ဟာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ ဇင်ယော် ဧည့်ရိပ်သာမှာ တည်းခိုနေချိန် စစ်ကောင်စီပူးပေါင်း ကအဖွဲ့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ကို စစ်ဆေးချိန် ဘုရားသုံးဆူမြို့နယ်မှာ စစ် သင်တန်းတက်ရောက်ဖို့ လာခဲ့ကြောင်း ထွက်ဆိုခဲ့ ကြတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အလားတူ မော်လမြိုင်မြို့ရှိ နေအိမ်တခုမှာ ပုန်း ခိုနေတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးကို လည်း ဧပြီလ ဒုတိယအပတ်နဲ့ တတိယအပတ်ထဲမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

သူတို့လေးဦးဟာ ကော့ကရိတ်မြို့နယ်ဘက်ကို စစ် သင်တန်းတက်ရောက်ဖို့အတွက် လာခေါ်မယ့် သူတွေက်ု မော်လမြိုင်မြို့ရှိ နေအိမ်တခုမှာ စော င့်ဆိုင်းနေတာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

ဒီလိုဖမ်းဆီးခံရတဲ့သူတွေဟာ ပတ်ဝန်းကျင်က သ တင်းပေးတာနဲ့ တည်းခိုခန်းကနေ ဧည့်စာရင်း တိုင်ကြားရာမှာ လူစိမ်းဖြစ်နေတာကြောင့် စစ် ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက လာရောက် စစ် ဆေးမေးမြန်းခဲ့ရာကနေ အခုလို ဖမ်းဆီး ခံလိုက်ရ တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဟိုတယ်တို့ တည်းခိုခန်းတို့မှာက သူတို့နေ့တိုင်းလို လို ဝင်စစ်တာမျိုး၊ ဧည့်စာရင်းမှာ မသင်္ကာတဲ့သူဆို ခေါ်စစ်တာလေ၊ အဆောင်တို့ အိမ်တို့ဆိုရင်လည်း မသင်္ကာဘူးဆိုရင် ပတ်ဝန်းကျင်ကလူတွေ တိုင်ကြားတာ၊ အဲဒီတဝိုက်လည်း သူတို့ (စစ်ကောင်စီ)က လူလွှတ်ထားတာ ရှိတယ်” လို့ မော်လမြိုင်မြို့က တည်းခိုခန်းတခုအနီးမှာ နေထိုင်တဲ့ မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေက တော်လှန်ရေးအင်အားစုတွေထံ စစ်သင်တန်းတက်ရောက်ဖို့ လာကြတဲ့သူတွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားပေမယ့် အဲဒီလူတွေက သင်တန်းသွားတက်ရောက်ဖို့ ဟုတ်၊ မဟုတ်ကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်လာပြီးနောက် မြန်မြန်ဆန်ဆန်ပဲ လူဦးရေငါးထောင်ခန့်နဲ့ စစ်မှုထမ်းအပတ်စဉ်(၁)ကို ခေါ်ယူသင်တန်းပေးခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်မှုထမ်းသင်တန်းအပတ်စဉ်(၂)အတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ စစ်ကောင်စီက အသက်ပြီးမှီတဲ့လူငယ်လူရွယ်စာရင်း ကောက်ယူတာတွေ ထပ်မံလုပ်ဆောင်နေပြီး ဖြစ်တယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်ကြတဲ့ လူငယ်တွေကတော့ နိုင်ငံခြားကို ထွက်ကြတာရှိနေသလို တချို့ကျတော့ တော်လှန်ရေးအင်အားစုတွေထံ ဆက်သွယ်ကာ သွားရောက်ပူးပေါင်းတာတွေလည်း ရှိနေပါတယ်။

ဒီလိုမျိုး တော်လှန်ရေးအင်အားစုတွေထံ စစ်သင်တန်းတက်ရောက်ဖို့ သွားတဲ့လူငယ်အများစုက လမ်းမှာ မသင်္ကာလို့ စစ်ဆေးရာကနေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေ ရှိနေတယ်လို့ လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံ့နေတဲ့သတင်းတွေမှာ တွေ့မြင်ရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂ အရ အမှုဖွင့်အရေးယူတာတွေ ရှိနေသလို တချို့ကျတော့ ငွေကြေးတောင်းခံပြီးပြန်လွှတ်ပေးတာ ရှိနေတဲ့အပြင် တချို့ကျတော့ စစ်တပ်ထဲဝင်ဖို့ အတင်းအကြပ်ဖိအားပေးခံရတာတွေလည်း ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မော်လမြိုင်မြို့က အသက် ၂၅ နှစ်အရွယ် ကိုအေးမောင်(အမည်လွှဲ)က ပြောပါတယ်။

“အမျိုးတွေ ရှိတဲ့ နယ်ရွာဘက်သွားတာ၊ အိမ်မှာက လူကြီးတွေ ဘုရားဖူးထွက်သွားတော့ တယောက် ထဲ ကျန်ခဲ့တာ သူတို့ဧည့်စာရင်းစစ်တော့ ဘယ်ကလဲမေ းတာပေါ့၊ သူတို့စွပ်စွဲတာက စစ်သင်တန်းတက်ဖို့ လာတာတဲ့ မဟုတ်ဘူးငြင်းလဲ မရဘူး၊ အဲဒီမှာ ပိုက်ဆံပေးလိုက်ရတယ်၊ သူတို့ပြောသေးတယ်၊ စစ်တပ်ထဲဝင်ရင် ပြန်လွှတ်ပေးမယ်တဲ့”လို့ သူက ပြောပါတယ်။

ဒါပေမယ့် အခုတော့ ကိုအေးမောင်ဟာ ဘေးကင်းလုံခြုံတဲ့ လွတ်မြောက်နယ်မြေတနေရာကို ရောက်ရှိသွားပြီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်တဲ့သူတဦးကတော့ ဖမ်းဆီးခံရတဲ့သူတွေကို စစ်တပ်အရာရှိပိုင်းတတွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး တချို့ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေမှာ သတင်းထုတ်ပြန် တာမျိုး မရှိဘူးလို့ ပြောပါတယ်။

“သူတို့(စစ်တပ်)အချိတ်အဆက်နဲ့ သူတို့သွားဖမ်းကြတာများတယ်၊ တချို့နေရာတွေမှသာ အုပ်ချုပ်ရေး၊ ရဲတို့ပါတာ၊ စာရင်းအတိအကျနဲ့ ဝင်ဖမ်းတာတောင်ရှိတယ်၊ တချို့နေရာတွေဆို မသိရဘူး၊ စစ်တာလည်း သူတို့ပဲ” လို့ သူက ပြောပါတယ်။

အခုလို စစ်သင်တန်းတက်ရောက်ဖို့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့ လမ်းခရီးစီစဉ်ပေးကြတဲ့တာဝန်ရှိတဲ့သူတွေအနေနဲ့ ဂရုတစိုက်သေချာစီစဉ်ပေးစေလိုတယ်လို့ မွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးခေါင်းဆောင်တဦးက အကြုံပြုပါတယ်။

“အပြစ်ပြောတာတော့ မဟုတ်ဘူးလေ၊ လူငယ်တွေက ခံယူစိတ်ရှိလို့ လာကြတာ၊ လာရာလမ်းခရီးတလျှောက် အစဉ်ပြေစေချင်တယ်၊ လက်ခံခေါ်ယူတဲ့ အဖွဲ့တွေလည်း သေချာစီစဉ်ပေးစေချင်တာပေါ့၊ အခုလိုမျိုး ခဏခဏ ဖမ်းခံနေရရင် ကလေးတွေ စိုးရိမ်မသင်္ကာစိတ်တွေ ရှိလာနိုင်တာပေါ့” လို့ သူက ပြောပါတယ်။