အရေးပါတဲ့စစ်ရေးအောင်ပွဲတခုထပ်မံရယူလိုက်တဲ့AA

Photo – AA Info Desk (ပုံဟောင်း)

 

မေ ၊ ၃

အနောက်ဖက်စစ်မျက်နှာ စစ်ရေးအသာစီးရယူထားနိုင်တဲ့ အာရက္ခတပ်တော်(AA)က အရေးပါတဲ့ စစ်ရေးအောင်ပွဲတခုကို ထပ်မံရယူခဲ့ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ မောင်တောမြို့နယ်မှာ စစ်ကောင်စီက အခိုင်အမာတပ်စွဲထား အကြီးဆုံးစခန်းဖြစ်တဲ့အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်)ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ကျီးကန်းပြင် ဌာနချုပ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်ကစလို့ AAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံခဲ့ပေမယ့် တစ်ပတ်ကျော်အကြာ မေလ၂ရက် မနက် ၃နာရီလောက်မှာAA ကသိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တဦးက ဆိုပါတယ်။

“ဝိုင်းပိတ်ဆို့ထားတာတော့ကြာပြီ ဒီလောက်မြန်မယ်လို့တော့မထင်မိပြီး သူတို့ဖက်က အခိုင်အမာ ပြင်ထားတာ”လို့သူကပြောပါတယ်။

မောင်တောမြို့မြောက်ဖက် ၇မိုင်လောက်မှာ တည်ရှိတဲ့ ကျီးကန်းပြင်ဌာနချုပ်ဟာ မောင်တောမြို့နယ်မှာ အင်အားအလုံး အရင်းနဲ့ အခိုင်အမာတပ်စွဲထားတဲ့ စခန်းကြီးတခုဖြစ်လို့ အဲဒီစခန်းကို သိမ်းနိုင်လိုက်တာက အရေးပါတဲ့စစ်အောင်ပွဲတခုလို AAနဲ့နီးစပ်သူတဦးကပြောပါတယ်။

ကျီးကန်းပြင်ဌာနချုပ်မှာ အခြားစခန်းငယ်တွေ ပူးပေါင်းထားတဲ့တပ်ဖွဲ့ဝင်တွေ အပါအဝင်အင်အား ထောင်ဂဏန်းရှိတယ်လို့လည်း ဆိုပါတယ်။

ကျီးကန်းပြင်ဌာနချုပ်သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်က လက်နက်ချအညံ့ခံသူတွေလည်းရှိပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိတယ်လို့သိရပေမယ့် အသေးစိတ်ကိုတော့DNAက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင်AAက မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ လှဖိုးခေါင်အမှတ်၁၀ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၁၀)ကို မနေ့က မေလ၂ရက်မှာဆက်လက်သိမ်းပိုက်ခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ၄မိုင်နခခ- ၂စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိ မောင်တောမြို့နယ်မှာ မြို့သူကြီးရပ်ကွပ်ရှိအမှတ် ၅နယ်ခြားစောင့်ရဲတပ်ဖွခွဲ(နခခ-၅) အင်းဒင် နခခ၆နဲ့ မောရဝတီဗျူဟာစခန်းစတဲ့ စစ်ကောင်စီစခန်း၅ခု ထက်မနည်းကျန်ရှိနေပါသေးတယ်။ မောင်တောမြို့ပေါ်မှာလည်း စစ်ကောင်စီဖက်ကတပ်စွဲထားသေးတယ်လို့AAနဲ့နီးစပ်သူကပြောပါတယ်။

ဒါပေမယ့်လည်း အရေးပါတဲ့ကျီးကန်ပြင်ဌာနချုပ်ကို သိမ်းပိုက်နိုင်တဲ့အတွက် မောင်တောမြို့နယ်ကို AAက စိုးမိုးထိန်းချုပ်နိုင်ပြီလို့ သုံးသပ်ကြပါတယ်။

တကြော့ပြန် ရခိုင်တိုက်ပွဲ ၅လကျော်ကာလအတွင်း ရခိုင်နဲ့ချင်းတောင်ပိုင်းကမြို့နယ် ၉ခုကို AA က သိမ်းပိုက်ထားပါတယ်။ အဲဒီထဲမှာ ရခိုင်မြောက်ပိုင်းမှာဆိုရင် မြို့တော်စစ်တွေ ဘူးသီးတောင်နဲ့ မောင်တောမြို့ပေါ်လောက်သာ စစ်ကောင်စီက စိုးမိုးထားနိုင်ပြီး ကျန်မြို့နယ်ဒေသအားလုံးကို AAက ထိန်းချုပ်စိုးမိုးထားတာပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ခြေစိုက်ရာ အမ်းမြို့နယ်နဲ့ ဘူးသီးတောင်၊  သံတွဲ၊ ကျောက်ဖြူစတဲ့ ဒေသတွေကိုလည်း AAကထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

မောင်တောနဲ့ နယ်မြေထိစပ်နေတဲ့ ဘူးသီးတောင်မှာလည်း စစ်ကောင်စီရဲ့ အကြီးဆုံးစခန်းဖြစ်တဲ့ အမှတ်  ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)ကို ပြီးခဲ့တဲ့၃လလောက်ကစလို့ AAက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ စကခ – ၁၅ ကျဆုံးပါက ဘူးသီးတောင်ကိုလည်း စစ်ကောင်စီလက်လွတ်ရမှာဖြစ်ပါတယ်။

“ဘူးသီးတောင်မောင်တောအကုန်ပဲ သူတို့စကစ မြို့ပေါ်တကွက်လောက်နဲ့ စခန်းပဲကျန်တာ အကုန်တပ်တော်က ထိန်းထားတာ” လို့အထက်ပါAAနဲ့ နီးစပ်သူက ပြောပါတယ်။ ကျီးကန်ပြင်ဌာနချုပ်တိုက်ပွဲနဲ့ ပတ်သတ်လို့တော့ AAရော စစ်ကောင်စီရော တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကတော့ ကျီးကန်ပြင်ဌာနချုပ်ကို AAကသိမ်းပိုက်နိုင်ခဲ့လို့ ရခိုင်မြောက်ပိုင်းမှာ မြို့တော်စစ်တွေနဲ့ မောင်တော၊ ဘူးသီးတောင်မြို့ပေါ်လောက်သာ စိုးမိုးထားနိုင်တဲ့ စစ်ကောင်စီအတွက် ထပ်မံအရှိုက်ထိုးခံရတာလို့ မှတ်ချက်ပြုပါတယ်။