မုံရွာမြို့အပေါင်ဆိုင်တွေရဲ့အတိုးနှုန်း၂ဆနီးပါးမြင့်တက်လာ


Photo – CJ
မေ၊ ၃

မုံရွာမြို့အပေါင်ဆိုင်တွေရဲ့အတိုးနှုန်းဟာ အရင်ကထက်၂ဆနီးပါးမြင့်တက်လာရာ ကျန်းမာရေးကိစ္စနဲ့ စျေးရင်းလုပ်သူတွေ အတွက်အထိနာနေတယ်လို့ စျေးသည်တစ်ဦးဆီကသိရပါတယ်။

“ငွေနဲ့ပတ်သက်ပြီးဘဏ်နဲ့အလုပ်မလုပ်ချင်ဘူး။ ဇယားရှုပ်လို့။ရပ်ကွက်ထဲကအပေါင်ဆိုင်နဲ့လုပ်ဖြစ်နေတယ်။ အပေါင်ဆိုင်တွေလည်းအတိုးကအရင်ထက်၂ဆလောက်တက်နေတော့ အရင်းငွေများများမယူရဲဘူး။အတိုးများမှာစိုးလို့။ အရင်းနည်းတော့အမြတ်နည်းတယ်။ လုပ်စားလို့မကောင်းဘူး”လို့စျေးသည်ကပြောပါတယ်။

ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အပေါင်ဆိုင်လုပ်ငန်းတွေလို အသေးစားငွေချေးတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာမဟုတ်သလို အပေါင်ဆိုင်လုပ်ငန်းနဲ့ဘဏ်လုပ်ငန်းရဲ့ သဘောသဘာဝတွေကလည်း ကွဲပြားခြားနားတယ်လို့ ပုဂ္ဂလိကဘဏ်တာဝန်ရှိသူဆီက သိရပါတယ်။

အရင်ကရွှေထည်ပစ္စည်းပေါင်နှံတယ်ဆိုရင် ငွေတရာကို အတိုးနှုန်း၂ကျပ်ခွဲသာယူလေ့ရှိပေမယ့် အခုအခါမှာတော့ ၃ကျပ်အထက်ယူသူတွေရှိတော့တာလို့ သိရပါတယ်။ စက်ပစ္စည်းဖြစ်တဲ့ကား၊ ဆိုင်ကယ်စတာမျိုးပါတယ်ဆိုရင် အတိုးနှုန်းက၅ကျပ်နဲ့၁၀ကြား ယူပြီး ဖုန်း၊ဒယ်နီ၊ ထမင်းပေါင်းအိုး၊အဝတ်လျော်စက်၊ ရေခဲသေတ္တာ၊တီဗွီစတာတွေကို အတိုးနှုန်း၁၄ကျပ်၊ ၁၅ကျပ်ယူတယ်လို့သိရပါတယ်။

မုံရွာမြို့ပေါ်ရပ်ကွက်တွေထက် အခြေခံလူတန်းစားအများစု သိပ်သည်းစွာနေထိုင်တဲ့မြဝတီ၊နန္ဒဝန်၊ ချမ်းမြဝတီ၊သလ္လာ၊မြို့သစ်စတဲ့ရပ်ကွက်တွေမှာအပေါင်ဆိုင် ပိုများတာပါ။ မုံရွာမြို့၃၁ရပ်ကွက်က အပေါင်ဆိုင် ၁၀၀နီးပါးက အရင်ကထက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အတိုးနှုန်းတက်လာပေမယ့် အလုပ်ပိုဖြစ်နေတယ်လို့ သိရပါတယ်။

“အခုက ပေါင်တဲ့သူပိုများလာတယ်။ ၂လုံးထိုးတဲ့သူတွေပိုပေါင်ကြတယ်။ ရှိတဲ့ပစ္စည်းပေါင်ကြတာတွေတောင်ရှိတယ်။ အပေါင်ဆိုင်လာပေါင်နှံကြတာရှိသလို ခင်တဲ့သူကတဆင့်အကူအညီတောင်းပေါင်ကြတာတွေရှိပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးကုစရိတ်အဖြစ်ရသလောက်ပေါင်ကြတာတွေလည်းရှိပါတယ်”လို့ အပေါင်ဆိုင်ဖွင့်ထားသူကပြောပါတယ်။

လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် ငွေရေးကြေးရေးအခက်အခဲတွေ ဖြစ်တဲ့အခါ မိမိပိုင်ပစ္စည်းတွေကိုထုခွဲရောင်းချတာ ပေါင်နှံတာတွေပြုလုပ်ပြီး အခက်အခဲကိုဖြေရှင်းကြတာပါ။ ပေါင်နှံရာမှာ အမိန့်ရအပေါင်ဆိုင်မှာ ပေါင်နှံရင် သေချာမှာသိပေမယ့် အခြေအနေအကြောင်းအမျိုးမျိုးတွေကြောင့် နီးစပ်ရာ အရပ်ထဲက တရားမဝင် အပေါင်ခံသူတွေဆီကိုသာ ပေါင်နှံကြလေ့ရှိတာများပါတယ်။

“အလုပ်ကမဖြစ်ဘူး။ မဖြစ်တော့ နှစ်လုံး၊သုံးလုံးထိုးဖြစ်တယ်။ ပေါက်တာအင်မတန်နည်းတယ်။ ငွေလိုတော့ရှိတဲ့ပစ္စည်းအပေါင်ထားထိုးဖြစ်တယ်။ပြန်မရွေးနိုင်တာများတယ်”လို့ နှစ်လုံးထိုးနေသူကပြောပါတယ်။

အပေါင်ဆိုင်အများစုမှာ ရွှေတွေကိုသာမက အခြားအသုံးအဆောင်ပစ္စည်းတွေကိုလာရောက် ရွေးယူနိုင်တာမျိုးမရှိသူတွေ များလာတယ်လို့အပေါင်ဆိုင်တွေကသိရပါတယ်။ ရွှေအပေါင်ခံရာမှာ တန်ဖိုးထက် ၇၀ ရာခိုင်နှုန်းသာ အပေါင်ဆိုင်ကထုတ်ချေးပေးတယ်လို့ သိရပါတယ်။

“အိမ်ခြံမြေပေါင်တာ ၆လအထိထားမယ်ဆိုရင် ၅ကျပ်နဲ့၁၀ကြားယူပြီး တစ်နှစ်စာချုပ်နဲ့ပေါင်တယ်ဆိုရင် ၃ကျပ်နဲ့၅ကျပ်ကြားယူပါတယ်။”ဟုအပေါင်ခံငွေချေးလုပ်ငန်းလုပ်သူကပြောပါတယ်။