ကိုလံဘီယာ စစ်တပ်ရဲ့ ကျည်ဆန် ငါးသန်းကျော်နဲ့ လက်ပစ်ဗုံး နှစ်သောင်းလောက် ပျောက်ဆုံးနေ


မေ၊ ၁

ကိုလံဘီယာ စစ်တပ်ထဲကနေ သန်းနဲ့ချီတဲ့ ကျည်ဆန်တွေ၊ သောင်းချီတဲ့ လက်ပစ်ဗုံးတွေနဲ့ ဒုံးကျည်တချို့ပါ ပျောက်ဆုံးနေတာကို စုံစမ်းဖို့ သမ္မတက အမိန့်ပေးလိုက်ပါတယ်။

မကြာသေးခင် အတောအတွင်း နိုင်ငံရဲ့ စစ်စခန်း နှစ်ခုကို စာရင်းစစ် ဝင်ရောက်တဲ့ အချိန်မှာ အခုလို ပမာဏ များပြားလွန်းတဲ့ ခဲယမ်းမီးကျောက် ပျောက်ဆုံးမှုတွေကို ရှာတွေ့ခဲ့တာလို့ သမ္မတ ဂူစတာဗို ပက်ထရိုက ပြောပါတယ်။

သူက အခုလို ကျည်ဆန်တွေ၊ လက်ပစ်ဗုံးတွေ စာရင်းပျောက်နေတာဟာ အတွင်းပိုင်း ခြစားမှုတွေကြောင့်လို့ ဝေဖန်ပြီး စစ်တပ် အရာရှိတွေဟာ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို တရားမဝင် လက်နက်ကုန်သည်တွေဆီ ရောင်းစားခဲ့တာလို့ စွပ်စွဲသွားပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း စတင် အကောင်အထည် ဖော်နေပြီလို့ ပြောပါတယ်။

စစ်စခန်းနှစ်ခုမှာ ပျောက်ဆုံးစာရင်းဟာ ကျည်ဆန် ၅ သန်းကျော်၊ လက်ပစ်ဗုံး ၂ သောင်းနီးပါး၊ Spike အမျိုးအစား ဒုံးကျည် ၂ စင်း၊ Nimrod အမျိုးအစား ဒုံးကျည် ၃၇ စင်းနဲ့ ပခုံးထမ်း လောင်ချာသုံး ဗုံးသီး ၅၅၀ တို့ ဖြစ်ပါတယ်။

စုံစမ်းရေး အရာရှိတွေက အဲဒီ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေဟာ လက်နက်မှောင်ခိုသမားတွေဆီကနေ ဟေတီမှာရှိတဲ့ ဂိုဏ်းဂဏတွေနဲ့ နိုင်ငံတကာ မှောင်ခိုစျေးကွက်တွေဆီ ရောက်ရှိသွားတယ်လို့ ယုံကြည်နေပါတယ်။

ဝမ်းနည်းစရာ အချက်က ကိုလံဘီယာ စစ်တပ်က ထိန်းသိမ်း စောင့်ရှောက်ထားရမယ့် စစ်လက်နက်တွေဟာ နောင်တချိန်မှာ ကိုလံဘီယာ တပ်ဖွဲ့ဝင်တွေကို သေကြေ ဒဏ်ရာရစေမယ့် ကြမ္မာတပတ် လည်လာနိုင်တယ်ဆိုတဲ့ လက်တွေ့ အရှိတရား ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

လက်တင်အမေရိက ဒေသမှာတော့ ကိုလံဘီယာဟာ လက်နက်တပ်ဆင်မှု အားအကောင်းဆုံး စစ်တပ်တခုကို ပိုင်ဆိုင်ထားပြီး မူးယစ်မှောင်ခိုဂိုဏ်းတွေကို ဖြိုခွင်းဖို့အတွက် အမေရိကန်ဆီကနေ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ အထောက်အပံ့တွေ ရရှိနေပါတယ်။

Ref: BBC