ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ရာထူးကနေ နုတ်ထွက်

ဧပြီ၊ ၂၉

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဟာ နူခါရာဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်စာ တင်သွားကြောင်း ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ကို နေရာအပြောင်းအလဲတွေနဲ့ ပြင်ဆင် ဖွဲ့စည်းတဲ့ အချိန်မှာ သူ့ရဲ့ တခြားရာထူး တခုဖြစ်တဲ့ ဒုတိယ ဝန်ကြီးချုပ် နေရာကနေ ဖယ်ရှားခံလိုက်ရတဲ့နောက် ပန်ပရီက နုတ်ထွက်စာ တင်သွားခဲ့တာလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပန်ပရီဟာ အိမ်နီးချင်း မြန်မာရဲ့ ပြည်တွင်းရေး အကျပ်အတည်းတွေကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားနေတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒတွေ အကောင်အထည် ဖော်ရာမှာ အရေးအပါဆုံး လှုပ်ရှားနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ နုတ်ထွက်မှုဟာ ထိုင်းရဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်မှု အစီအမံတွေမှာပါ အနုတ်လက္ခဏာဆန်ဆန် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပန်ပရီဟာ အစ္စရေးနဲ့ ဟားမားစ် စစ်ပွဲအတွင်း ကြားညပ်ပြီး ဓားစာခံအဖြစ် အဖမ်းခံရတဲ့ ထိုင်းနိုင်ငံသား ဒါဇင်နဲ့ချီ လွတ်မြောက်ရေး အတွက်လည်း အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဆရက်သာဟာ ပန်ပရီရဲ့ နုတ်ထွက်စာကို လက်ခံရရှိခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ချိုင် ဝါချာရွန်ကီက အတည်ပြု ပြောကြားခဲ့ပါတယ်။ ပန်ပရီရဲ့ နုတ်ထွက်မှုကြောင့် ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ထိခိုက် သက်ရောက်စေမှာ မဟုတ်ဘူးလို့လည်း သူက ဆိုတယ်။ ပန်ပရီရဲ့ နိုင်ငံခြားရေး ဝန်ကြီးရာထူးကို ဘယ်သူ ဆက်ခံမလဲ ဆိုတာတော့ လောလောဆယ် မသိရသေးပါဘူး။

ပန်ပရီရဲ့ နုတ်ထွက်မှုဟာ အစိုးရ အဖွဲ့ထဲမှာတောင် အံ့ဩ အငိုက်မိစရာ ဖြစ်ခဲ့ပြီး တခြား ဒုတိယ ဝန်ကြီးချုပ် တဦးဖြစ်တဲ့ စီးပွားရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်က သူလည်း လုံးဝ မျှော်လင့်မထားတဲ့ ကိစ္စလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပန်ပရီဟာ လောလောဆယ်မှာ သတင်းမီဒီယာတွေနဲ့ မတွေ့ဆုံသေးပေမယ့် သူ့ရဲ့ နုတ်ထွက်စာထဲမှာတော့ ပန်ပရီက ဒုတိယ ဝန်ကြီးချုပ် နေရာကနေ ဖယ်ရှားခံရမှုဟာ သူ့ရဲ့ လုပ်ရည်ကိုင်ရည် အားနည်းချက်ကြောင့် လုံးဝမဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ကြောင်း ရေးသားထားခဲ့ပါတယ်။

ဆရက်သာ ဦးဆောင်တဲ့ အစုအဖွဲ့သစ် ထိုင်းအစိုးရကို ထိုင်းဘုရင်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အသိအမှတ်ပြု ခန့်အပ်ပေးခဲ့ပြီး ပန်ပရီကို နိုင်ငံခြားရေး ဝန်ကြီးလို့ ဖော်ပြထားပေမယ့် ဒုတိယ ဝန်ကြီးချုပ်ဆိုတဲ့ အရင် သတ်မှတ်ချက်ကို ပယ်ဖျက်ထားခဲ့တာ တွေ့ရပါတယ်။

Ref: Reuters