အနာဂတ်မှာ ကိုအာလာဝက်ဝံလေးတွေ ပျောက်ကွယ်သွားတော့မှာလား

၁၃ ဇန္နဝါရီ ၂၀၂၀
လက်တလော ကမ္ဘာ့မီဒီယာစာမျက်နှာတွေမှာ သြစတြေးလျတောမီးနဲ့ ပတ်သတ်လို့ ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ တောမီးရဲ့ သက်ရောက်မှုကြောင့် သြစတြေးလျနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ကမ်းရိုးတန်းဒေသတွေမှာ အဓိကနေထိုင်ကြတဲ့ ကိုအာလာ ဝက်ဝံလေးတွေရဲ့ အနာဂတ်ကိုလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

သစ်ပင်တွေပေါ်မှ တွယ်ကပ်နေထိုင်လေ့ရှိတဲ့ ကိုအာလာဝက်ဝံတွေကို တစ်ကမ္ဘာလုံးမှာဆိုရင် သြစတြေးလျနိုင်ငံမှာပဲ တွေ့ရနိုင်ပြီးတော့ သူတို့ဟာ ကွင်းစ်လန်းပြည်နယ်၊ နယူးဆောက်သ်ဝေးလ် ပြည်နယ်၊ ဗစ်တိုးရီးယားပြည်နယ်နဲ့ နိုင်ငံတောင်ပိုင်းက ဒေသတွေမှာ နေထိုင်ကျက်စားကြတာပါ။

ယူကလစ်သစ်တောတွေကို မှီခိုအားထားကြတဲ့ မီးခိုးရောင် ကိုအာလာဝက်ဝံလေးတွေဟာ သစ်ရွက်စားတဲ့ နိုတိုက်သတ္တဝါ အမျိုးအစားထဲမှာ ပါပါတယ်။ ပြီးတော့ သူတို့ဟာ တောထဲမှာအသက် ၁၃ နှစ် ကနေ ၁၈ နှစ်အထိ အသက်ရှင်နေထိုင်ကြတယ်လို့လည်း သိရပါတယ်။

ကိုအာလာဆိုတဲ့ နာမည်ဟာ သြစတြေးလျရှေးလူမျိုးတွေရဲ့ ဘာသာစကားတစ်ခုကနေ ဆင်းသက်လာတာ ဖြစ်ပြီး ‘no drink’ ရေမသောက်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဘာလို့လည်း ဆိုတော့ ကိုအာလာဝက်ဝံတွေဟာ သူတို့စားတဲ့ အရွက်တွေကနေပဲ ရေဓာတ်ကို အများဆုံးရယူကြတာပါ။

ကိုအာလာဝက်ဝံတွေကို သြစတြေးလျနိုင်ငံရဲ့ပြယုပ်တစ်ခုအဖြစ် တကမ္ဘာလုံးက အသိအမှတ်ပြုထား ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ (International Union for Conservation of Nature) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာသမဂ္ဂက ထုတ်ပြန်တဲ့ ထိခိုက် အလွယ်ဆုံး၊ အားအနည်းဆုံး တိရစ္ဆာန်မျိုးစိတ်စာရင်းထဲမှာ ပါနေပါတယ်။

close-up of a young koala bear (Phascolarctos cinereus) on a tree eating eucalypt leaves.

၂၀ ရာစုက ကွင်းစ်လန်းပြည်နယ်မှာ ကိုအာလာဝက်ဝံတွေရဲ့ သားမွှေးကို လိုချင်တဲ့မုဆိုးတွေရဲ့ လက်ချက်ကြောင့် အကောင်ရေတော်တော်များများ သေဆုံးခဲ့လို့ သြစတြေးလျပြည်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ကိုအာလာဝက်ဝံတွေကို ကာကွယ်ဖို့ လှုပ်ရှားမှုတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။

ဒါပေမယ့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ၊ မြို့ပြချဲ့ထွင်တာနဲ့ မိုးခေါင်တာအပြင် တောမီးလောင်တာ စတဲ့ ရာသီဥတုပြောင်းလဲမှု ပြဿနာတွေက ကိုအာလာဝက်ဝံတွေရဲ့ စားကျက်နယ်မြေတွေပျောက်ဆုံးမှုကို ခြိမ်းခြောက်လာနေတဲ့ အကြောင်းအရင်းတွေပါပဲ။

စားကျက်နယ်မြေဆုံးရှုံးတာအပြင် ကိုအာလာတွေဟာ လှုပ်ရှားမှုနှေးကွေးတာကြောင့် သစ်ပင်ပေါ်ကနေ မြေပြင်ကို ပြန်ဆင်းဖို့ အချိန်ကြာသလို မြေပြင်ရောက်ရင်လည်း ခွေးတွေရဲ့ တိုက်ခိုက်မှုနဲ့ ကားတိုက်ခံရနိုင်တဲ့ အန္တရာယ်တွေလည်း ရင်ဆိုင်ရနိုင်ပါတယ်။
တစ်နှစ်ထက်တစ်နှစ် ပိုပြင်းထန်လာတဲ့ သြစတြေးလျတောမီးပြဿနာကြောင့် ကိုအာလာတွေရဲ့ စားကျက်နယ်မြေတွေ လျော့ပါးလာတဲ့အပြင် အကောင်ရေလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ သြစတြေးလျနိုင်ငံမှာ ၂၀၁၆ ခုနှစ်က ကိုအာလာဝက်ဝံအကောင်ရေ သုံးသိန်းနှစ်သောင်းကျော် ရှိခဲ့ပေမယ့် ၂၀၁၉-၂၀၂၀ သြစတြေးလျတောမီးရာသီမစခင် လပိုင်းအလိုမှာတော့ ကိုအာလာဝက်ဝံအကောင်ရေ လေးသောင်းသုံးထောင်ကနေ တစ်သိန်းကြားပဲ ကျန်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ၂၀၁၉-၂၀၂၀ သြစတြေးလျတောမီးရာသီအတွင်းမှာ ဇန်နဝါရီ ၁၁ရက်နေ့အထိ ခန့်မှန်းခြေ မြေဧရိယာဟတ်တာ ၁၀သန်းကျော် မီးလောင်ကျွမ်းခဲ့ပြီးတော့ လူပေါင်း ၂၉ ယောက် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြကြပါတယ်။

သာမန်အချိန်တွေမှာတောင် ကိုအာလာဝက်ဝံတွေကို အကောင်ရေရေတွက်ဖို့ဆိုတာ ခက်ခဲတာ ကြောင့် လက်ရှိတောမီးလောင်နေချိန် ပိုလို့မဖြစ်နိုင်ပါဘူး။ လက်ရှိခန့်မှန်းချက်အရ အခုနှစ်တောမီး ရာသီအတွင်း တိရစ္ဆာန်အကောင်ရေ ၁ ဒဿမ ၂၅ ဘီလီယံသေဆုံးခဲ့ပြီး အဲဒီထဲက အကောင်ရေ ၈၄၀၀ ကျော်က ကိုအာလာဝက်ဝံတွေ ဖြစ်တယ်လို့ WWF Australia အဖွဲ့က ခန့်မှန်းထားပါတယ်။ တောမီးဆက်လောင်နေတဲ့ အခြေအနေကြောင့် သေဆုံးတဲ့ အကောင်အရေအတွက်လည်း ထပ်ပြီးတိုးလာနိုင်ပါသေးတယ်။

ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်သူတွေအားလုံး သဘောတူလက်ခံထားတာကတော့ လက်ရှိအခြေအနေမှာ ဒုက္ခရောက်နေတဲ့ ကိုအာလာဝက်ဝံလေးတွေဟာ တစ်နေ့မှာ အမှန်တကယ် မျိုးတုန်းပျောက်ကွယ်သွားနိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့် အဲဒီနေ့ကိုတော့ မရောက်သေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀အတွင်း ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၄ခု မျိုးတုန်း ပျောက်ကွယ်သွား ခဲ့ပြီ ဖြစ်ပါတယ်။

Ref : Reader Digest , Wikipedia