မြဝတီမြို့ကစစ်ရှောင်ရသူတွေ နေရပ်ပြန်ကြပြီလား

ဧပြီ ၂၄

တော်လှန်ရေးအင်အားစုတွေဟာ ဒီလ ၁၀ ရက်လောက်ကစပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မြဝတီမြို့ကို တိုက်ခိုက်ခဲ့ရာ  မြို့အနောက်ဘက်၊မြေနီကုန်း အရပ်မှာရှိတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) ၂၇၅ ကို နောက်ရက်မှာပဲ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ခလရ ၂၇၅ က စစ်ကောင်စီတပ်သား နှစ်ရာ ကျော်ဟာ အဲ့ဒီနေ့ကစပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂ )တံတားအနီးက ကုန်တင်ယာဉ်ရပ်နားဝင်းကို ဆုတ်ခွာထွက်ပြေးခဲ့ရကာ အဲ့ဒီနေရာမှာ ပဲ ကတုတ်ကျင်းတွေတူးပြီး ခံစစ်ပြင်ခဲ့တယ်လို့သိရပါတယ်။

အမှတ် ၂ တံတားမှာခံစစ်ပြင်နေတဲ့ မြဝတီမြို့စောင့်တပ် အမှတ် ၂၇၅ ခြေလျင်တပ်က  စစ်ကောင်စီတပ်သားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကျားသစ်နက်၊ ကော်ဘရာပူးပေါင်းတပ်ဖွဲ့တွေက  ဒီလ  ၁၉ ရက်ညကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးခဲ့သလို မြေပြင်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာကြောင့် မြဝတီမြို့ တခုလုံးတုန်ခါခဲ့ရပြီး အရပ်သားသေဆုံးမှုတွေရှိသလို နှစ်ဘက် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် မြဝတီမြို့က ဒေသခံ သောင်းချီနီးပါး ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ထိုင်းအစိုးရကလည်း မြန်မာစစ်ရှောင်တွေကို တရားဝင်ခွင့်ပြုပေးခဲ့ကာ နေရာထိုင်ခင်းတွေ စီစဉ်ပေးခဲ့ပါတယ်။

အဲ့ဒီလိုတိမ်းရှောင်သူတွေထဲ တိုက်ပွဲအတွင်းမိသားစုဝင်နှစ်ဦး ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတဦးက သူ့ရဲ့အခက်အခဲကို အခုလိုပြောပြပါတယ်။

“ ကျွန်တော့တူမနဲ့ ကျွန်တော့အကို ဆုံးသွားတာ။ ကျွန်တော်တို့နဲ့ သူတို့နဲ့က ဝေးတယ်  ။အဲ့နေ့က ကျွန်တော့ ဒီဘက်မှာရှိတဲ့သူတွေကို ကမ်းကူးလို့ရအောင်ကူပေးနေတာ ။ အဲ့အချိန်သူတို့အိမ်ပေါ် လက်နက်ကြီးကျလို့ သူတို့ နှစ်ယောက်လုံး ဆုံးသွားကြတာ ။ အလောင်းလည်း ပြန်မရဘူး ။ဘာမှ ပြန်မရဘူး ။ အိမ်နီးချင်းတွေက ကျွန်တော့်ကို ပြန်ပြောပြလို့ ကျွန်တော်သိတာ ။ လူမသိသူမသိ သေသွားတဲ့အလောင်းတွေမှ တပုံကြီး ပဲ “

လက်ရှိမှာတော့ သူဟာ မိသားစုနဲ့အတူတူ ထိုင်းဘက်ခြမ်းမှာ စစ်ဘေးရှောင်နေရပေမယ့်  ကိုယ့်အိမ်ကိုယ်ရာ မဟုတ်တာကြောင့် အခက်အခဲတွေက ရှိနေတုန်းပဲလို့ ဆက် ပြောပါတယ်။

KNU နဲ့ ပူးပေါင်းတပ်တွေဟာ ခလရ ၂၇၅ ကို ဆယ်ရက်ကျော်ကြာ  ထိန်း ချုပ်ထားခဲ့ပြီးတဲ့နောက် ဒီလ ၂၂ ရက်မှာတော့ အဲဒီနေရာကနေ သူတို့တပ်ကို ယာယီပြန်ဆုတ်ခွါခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ခဲ့ပြီးနောက် လက်တလောမှာတော့ တိုက်ပွဲတွေငြိမ်သက်နေတာပါ။

တိုက်ပွဲတွေကြောင့် ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့က ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင် ရှစ်ထောင်ကျော်အနက် ၃ ပုံ ၂ ပုံလောက်ဟာ လတ်တလောမှာ တိုက်ပွဲတွေငြိမ်နေလို့  ပြီးခဲ့တဲ့ ၂၁ ရက်ကစပြီး နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။

လက်ရှိမှာလည်း မဲဆောက်မြို့မှာရှိတဲ့  ၂၅ ဂိတ်၊ ၁၃ ဂိတ်၊ ၈ ဂိတ်၊ ကျွဲခြံ၊မွေးမြူရေးဇုန်မှာ ကျန်နေသေးတဲ့ စစ်ရှောင်တွေကို ဒီနေ့နေ့လယ် ၁၁ နာရီဝန်းကျင်ကစလို့  ထိုင်းအစိုးရက မြန်မာပြည်ကို ပြန်ပို့ပေးနေတယ်လို့  စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ အဝေးရောက် ဧရာဝတီသားများ အဖွဲ့(Overseas  Irrawaddy Association-OIA ) တာဝန်ရှိသူကိုဖိုးသင်္ကြန်ကပြောပါတယ်။

“  ဒီဘက်မှာမရှိတော့ဘူး ထိုင်းအစိုးရက တရားဝင်လက်ခံထားတဲ့သူတွေ တယောက်မှ မရှိတော့ဘူး  ။ တံတားကူး လက်မှတ်တွေနဲ့ တံတားနား ပတ်ဝန်းကျင် က မဲဆောက်မှာ အိမ်ငှားပြီးနေနေတဲ့သူတွေတော့ ရှိသေးတာပေါ့နော် ။တရားဝင်လက်ခံထားတဲ့ နွားခြံတို့၊ကျွဲခြံတို့က သူတွေကိုတော့ ဒီနေ့မနက်မှာပဲ နောက်ဆုံးပို့လိုက်တယ် “

လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် နေအိမ်ဆုံးရှုံးသူတချို့နဲ့ နေရပ်မပြန်ရဲကြသေးသူတချို့ကတော့ မြန်မာဘက်ခြမ်းမှာရှိတဲ့ရေပူဂိတ်မှာ ဆက်ပြီးနေနေကြကာ အကူအညီတွေလည်း လိုအပ်နေသေးတယ်လို့ သူက ဆက်ပြောထားပါသေးတယ်။

လက်ရှိထိုင်းဘက်ခြမ်းကတဆင့် မြန်မာပြည်ကို ပြန်ပို့ခံလိုက်ရတာကြောင့် တိုက်ပွဲတွေထပ်ဖြစ်လာပြီး စစ်ထပ်ရှောင်ရမှာကို စိုးရိမ်တယ်လို့ ဒေသခံ အမျိုးသမီးတဦးက သူ့စိုးရိမ်ချက်ကို အခုလိုပြောပါတယ်။

“ မြန်မာဘက်ခြမ်းကိုပြန်ပို့တယ်ဆိုပေမယ့် မြန်မာဘက်ခြမ်းမှာတော့ မငြိမ်သေးဘူး။ ညီမတို့လည်း စစ်ဘေးရှောင်စခန်းတခုမှာ မြန်မာဘက်ခြမ်းထဲကလေ အိမ်ကိုမပြန်ရဲသေးဘူး။ ညမတို့အိမ်တွေလည်း မကောင်းဘူးသွားကြည့်ပြီးပြီ အိမ်ဘက်ကို  မကောင်းတဲ့အခါကျတော့ကိုယ်လည်းမနေရဲဘူး ။နောက်ထပ်လည်း ထပ်ဖြစ်မယ်လို့ သတင်းတွေက ကြားတယ်လေ။ “

KNU အပါအဝင်တော်လှန်ရေးဘက်ကတာဝန်ရှိသူတွေ အနေနဲ့ စစ်ကို ကစားစရာလို သဘောမထားပဲ ပြည်သူတွေကို မျက်နှာမူစေချင်တယ်လို့ သူကဆက်ပြောထားပါသေးတယ်။

လက်ရှိမှာတော့ မြဝတီမြို့အတွင်းနှစ်ဘက်ထိတွေ့တိုက်ပွဲတွေ မရှိတော့ပေမဲ့ စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ တချိန်လုံးဝဲပြီး လက်နက်ကြီးနဲ့ပစ်နေသလို မြေပြင်ကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်မှုရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူပေါင်း ၂ ဒဿမ ၈ သန်းကျော်ဟာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။