ဧပြီ၊ ၉
ဆွန်ခရန် ရေသဘင်ပွဲတော်ကို တလလုံးနီးပါး ဆင်နွှဲမယ်လို့ တရုတ် ကမ္ဘာလှည့် ခရီးသည်တဦး နားလည်မှု လွဲမှားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက အကျေအလည် ပြန်လည် ရှင်းပြခဲ့ပါတယ်။
အခုလ အစောပိုင်းတုန်းက ဘန်ကောက်မှာ တရုတ် ကမ္ဘာလှည့် ခရီးသည် တဦးဟာ ဆွန်ခရန် ရေသဘင်ပွဲမှာ ရေကစားဖို့ အကျအန ဝတ်စားပြီး အပြင်ထွက်လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေက လူမှုကွန်ရက်မှာ လူပြောများခဲ့ပါတယ်။ ထိုင်းအစိုးရက ဆွန်ခရန်ဟာ ယူနက်စကို အသိအမှတ်ပြု ပွဲတော်တခု ဖြစ်လာတဲ့နောက် ပွဲတော်ကာလကို ၂၁ ရက်ကြာ ချဲ့ထွင်သွားမယ်လို့ ကြေညာခဲ့တဲ့နောက် ဆွန်ခရန်ကို ဆင်နွှဲဖို့ အားခဲလာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ နားလည်မှု လွဲစရာတွေ ဖြစ်လာခဲ့တာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ရေရေရာရာ ရှင်းပြဖို့ ပျက်ကွက်ခဲ့တဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေလည်း အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က သူကိုယ်တိုင်လည်း အဲဒီ တရုတ် ကမ္ဘာလှည့်ခရီးသည်အတွက် နားလည်မှုလွဲပြီး စိတ်ပျက်စရာ ကြုံခဲ့တဲ့ ကိစ္စကို ပြန်လည် ကြားသိမိတယ်လို့ ဆိုပါတယ်။
ဆရက်သာက ဆွန်ခရန်ကို ၂၁ ရက်ကြာ ပွဲတော်အဖြစ် ချဲ့ထွင်တယ် ဆိုပေမယ့် အဲဒီကာလတွေအားလုံး အဆက်မပြတ် ရေကစားနေမှာ မဟုတ်ဘဲ အရင်လိုပဲ ဧပြီ ၁၃ ရက် နောက်ပိုင်းမှ ရေကစားစေမှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဒါပေမဲ့ ရှည်လျားတဲ့ ပွဲတော်ကာလတလျှောက် နိုင်ငံရဲ့ ဒေသအနှံ့မှာ ရိုးရာဓလေ့ အစဉ်အလာ ပွဲတော် လှုပ်ရှားမှုတွေကို ဖြန့်ကျက် စီစဉ်သွားမှာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဆွန်ခရန်ကို နိုင်ငံတကာအဆင့် ပွဲတော်ကြီးအဖြစ် ကမ္ဘာသိ ထင်ရှားလာအောင် စဉ်ဆက်မပြတ် အားထုတ် ကြိုးစားနေမယ်လို့လည်း အစိုးရရဲ့ ပြည်သူ့ဆက်ဆံရေး ဌာနက ပြောပါတယ်။
ထိုင်းအစိုးရဟာ ဆွန်ခရန်ကို ကမ္ဘာလှည့် ခရီးသွားတွေ အမြောက်အမြားအတွက် ဆွဲဆောင်မှု ဖြစ်စေရုံ အတွက်သာ မကဘဲ ထိုင်းနိုင်ငံသားတွေကြားမှာ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဂုဏ်ယူမှုတွေ ဖြစ်လာစေဖို့ အတွက်ပါ ရည်ရွယ်ပြီး ပုံရိပ်မြှင့်တင်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
Ref: ASEAN Now