ဟုမ္မလင်းက ပျူစောထီးတရာကျော် လက်နက်ချတယ်လို့ NUGအသိပေး

ဧပြီ၊ ၈

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းကပျူစောထီးရွာလေးရွာ ဒီကနေ့မနက်အစောပိုင်းကလက်နက်ချခဲ့ပြီး စုစုပေါင်း ပျူစောထီး ၁၂၀လောက်အညံ့ခံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကထုတ်ပြန်အသိပေးပါတယ်။

ဟုမ္မလင်းမြို့နယ်တောင်ခြမ်းမှာရှိတဲ့ ကျွန်းကုန်းရွာမှာအခြေချနေတဲ့ ပျူစောထီးရွာလေးရွာ ပူးပေါင်းအင်အား ၁၂၀လောက်ကို ပြီးခဲ့တဲ့လကုန်ပိုင်းကစလို့ ဆယ်ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်အခုလိုလက်နက် ချအညံ့ခဲ့လာတာလို့ဖော်ပြထားပါတယ်။

ပျူစောထီးတွေလက်နက်ခဲ့အပြီး ကျွန်းကုန်းရွာတိုက်ပွဲကနေလက်နက်မျိုးစုံ ၁၃၀နဲ့ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဓာတ်ပုံတွေနဲ့တကွဖော်ပြပါတယ်။

အဲ့ဒီဓာတ်ပုံတွေအရ သိမ်းဆည်းရရှိတဲ့လက်နက်တွေထဲ RPG တလက်၊ ရိုင်ဖယ်သေနတ်တလက်၊ကာဘိုင်နဲ့လက်လုပ်သေနတ်၊ ဆက်စပ်ခဲယမ်းနဲ့စစ်သုံးပစ္စည်းတွေပါဝင်တာတွေ့ရပါတယ်။

ကျွန်းကုန်းရွာဟာ ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ရွှေပြည်အေးမြို့သစ်နဲ့ ဖောင်းပြင်မြို့ကြား ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပေါ်ကရွာတရွာဖြစ်ပါတယ်။

အဲ့ဒီရွာမှာ ကျွန်းကုန်း၊သောင်သွတ်၊အင်ကြင်းမော်နဲ့မနော်သာရွာတို့ကပျူစောထီးတွေစုစည်းအခြေ ချနေတာလို့သိရပါတယ်။

အဲ့ဒီပျူစောထီးတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသလက်အောက်ခံ PDF အထူးလှုပ်ရှားတပ်ရင်း ၄နဲ့ ၈၊ မော်လိုက်နဲ့ခန္တီးခရိုင်PDFတပ်ရင်းတွေ၊ဖောင်းပြင်နဲ့ ဟုမ္မလင်းပကဖတွေက ကိုးရက်ကြာပိတ်ဆို့တိုက်ခိုက်ကာ ဆယ်ရက်မြောက်မှာ လက်နက်ချဖို့ တိုက်တွန်းခဲ့တာကြောင့် ဒီကနေ့မနက် နှစ်နာရီလောက်ကလက်နက်ချခဲ့တာလို့ဆိုပါတယ်။

ကျွန်းကုန်းရွာရဲ့မြောက်ဘက်မှာရှိတဲ့ ရွှေပြည်အေးမြို့ကိုတော့ တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၃ခု နှစ် နိုဝင်ဘာလအတွင်းသိမ်းပိုက်ခဲ့ကာ စစ်ကောင်စီကတန်ပြန်ထိုးစစ်ဆင်တာရှိပေမယ့် လက်ရှိအထိတော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။