ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးတွေကို တားမြစ်ဖို့ ပြင်ဆင်နေ

၉ ‌အောက်တိုဘာ ၂၀၁၉

ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး သုံးမျိုးကို တားမြစ်ဖို့ အစိုးရ ၊ လယ်သမားနဲ့ စားသုံးသူ ကိုယ်စားလှယ် အဖွဲ့ တွေက အောက်တိုဘာ ၇ ရက်နေ့မှာ တစ်ညီတစ်ညွတ်တည်း မဲပေးထောက်ခံခဲ့ကြပါတယ်။

paraquat ပါရာကွာတ်လို့ ခေါ်တဲ့ အဆိပ်ပြင်းပေါင်းသတ်ဆေး အပါအဝင် glyphosate နဲ့ chlorpyrifos စတဲ့ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး သုံးမျိုး ကို ဒီဇင်ဘာ ၁ရက်နေ့က စပြီး အသုံးပြုခွင့် တားမြစ်ဖို့ တနင်္လာနေ့က မဲခွဲဆုံးဖြတ်မှုမှာ ကိုယ်စားလှယ်အဖွဲ့တွေက အတည်ပြုလိုက်ပါတယ်။

အဲဒီ ဓာတုဆေးဝါးသုံးမျိုးရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အများရဲ့ သုံးသပ်ချက်တွေကို သိရအောင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ အစိုးရ ၊ ပုဂ္ဂလိက ကဏနဲ့ လယ်သမားတွေ စားသုံးသူတွေ ပါဝင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းဖို့ ညွှန်ကြားခဲ့တာပါ။

စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးသုံးမျိုးကို တားမြစ်မယ့် အလုပ်အမှုဆောင်အဖွဲ့ရဲ့  အဆိုပြုချက်ကို ဝန်ကြီးချုပ် ပရာယွတ်က အတည်ပြုရမှာ ဖြစ်ပြီး အဲဒီကနေတဆင့် နောက်ဆုံးအတည်ပြုပေးမယ့် အန္တရာယ်ရှိသောဒြပ်ထုဆိုင်ရာ အမျိုးသား ကော်မတီဆီကို တင်ပြရမှာ ဖြစ်ပါတယ်။

အဲဒီကော်မတီကတော့ အောက်တိုဘာ ၂၇ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကော်မတီက အတည်ပြုလိုက်မယ်ဆိုရင်တော့ ဒီဇင်ဘာ ၁ရက်နေ့ကစပြီး အဲဒီဓာတုဆေးဝါးသုံးမျိုးကို ရောင်းချတာ ၊တင်သွင်းတာနဲ့ ထုတ်လုပ်တာတွေကို တရားဝင် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိပ်ပြင်းတဲ့ ပါရာကွာတ် ပေါင်းသတ်ဆေးကို တရုတ် ၊ ကမ္ဘောဒီးယား ၊ လာအိုနဲ့ ဗီယက်နမ် အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅၃ နိုင်ငံမှာ အသုံးပြုခွင့် တားမြစ်ထားပါတယ်။

Ref : bangkokpost

Delta News

Read Previous

ပြည်ပကို ကြက်သွန်တင်ပို့မှု အိန္ဒိယရပ်ဆိုင်း

Read Next

ကမ္ဘာပေါ်မှာ နေ့စဉ် အသက်ငါးနှစ်အောက် ကလေးငယ်အယောက် တစ်သောင်းခွဲကျော် သေဆုံးနေ