ကြက်ငှက်တုပ်ကွေးကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် အန္တာတိကမှာ ပင်ဂွင်းငှက် ထောင်နဲ့ချီသေဆုံး

ဧပြီ၊ ၅

အန္တာတိကတိုက်မှာ ထောင်နဲ့ချီ များပြားတဲ့ ပင်ဂွင်းငှက်တွေ အစုလိုက် သေဆုံးမှုဟာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်နဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာကို သိပ္ပံပညာရှင်တွေက စုံစမ်းနေပါတယ်။

အေဒီလီ ပင်ဂွင်းမျိုးစိတ် အကောင်ရေ ၅၃၀ ကျော် သေဆုံးမှုကို ပညာရှင်တွေက အတည်ပြုထားပြီး တကယ်တမ်း အသေအပျောက်ဟာ ထောင်ဂဏန်း အတော်များများထိတောင် ရှိနိုင်တယ်လို့ ပြောပါတယ်။

ဩစတြေးလျ တက္ကသိုလ်များ အဖွဲ့ချုပ်ရဲ့ သုတေသီတွေဟာ ပင်ဂွင်းငှက်တွေ အခုလို အများအပြား သေဆုံးရခြင်းဟာ H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် မျိုးကွဲကြောင့်လို့ ကနဦး ယူဆထားပြီး သိပ္ပံနည်းကျ စစ်ဆေး အတည်ပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကမ္ဘာ့တောင်ဖက်စွန်းက လူသူအရောက်အပေါက် မရှိသလောက်နည်းပြီး အေးမြလွန်းတဲ့ တသီးတခြား တည်ရှိနေရာ နယ်မြေဆီ သေပျောက်နှုန်း မြင့်မားတဲ့ ကြက်ငှက်တုပ်ကွေး ကူးစက်ပြီး ပင်ဂွင်းတွေအပြင် တခြား သက်ရှိ မျိုးစိတ်တွေကိုပါ ခြိမ်းခြောက်လာမှာကို ပညာရှင်တွေက စိုးရိမ်နေပါတယ်။

၂၀၂၂ ခုနှစ်တုန်းက တောင်အမေရိကန် ဒေသတွင်းမှာ ခေါင်းထောင်ခဲ့တဲ့ ကာလအပြီး H5N1က သားရိုင်းတိရစ္ဆာန် ကျေးငှက်တွေကို ထိခိုက်စေမှုဟာ မကြုံစဖူး အဆင့်ထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အဲဒီကနေတဆင့် အန္တာတိကထိ ရောဂါ ပျံ့နှံ့သွားတယ်လို့လည်း ယူဆရပါတယ်။

ပင်ဂွင်းတွေ အများအပြား အစုလိုက် သေဆုံးနေတာကို ရေခဲမှတ်အောက် အတော်လေး ပိုမိုအေးခဲတဲ့ ဟာရိုင်နာကျွန်း ဧရိယာ တဝိုက်မှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

မနှစ်တုန်းက သားပေါက်ရာသီမှာ ဟာရိုင်နာကျွန်းဆီ အေဒီလီမျိုးစိတ် ပင်ဂွင်း ၂၈၀၀၀၀ လောက် စုဝေး ရောက်ရှိခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ကြက်ငှက်တုပ်ကွေး အမှန်တကယ် ဖြစ်နေချိန် ပင်ဂွင်းတွေ ထပ်ပြီး စုဝေးကြမယ်ဆိုရင် အခြေအနေတွေ ပိုဆိုးသွားမှာကို သုတေသီတွေက စိုးရိမ်နေပါတယ်။

အန္တာတိကမှာ ပင်ဂွင်းစုံတွဲ သန်း ၂၀ လောက် နှစ်စဉ် သားပေါက်လေ့ ရှိတယ်လို့လည်း ဗြိတိသျှ အန္တာတိက စစ်တမ်း အစီရင်ခံစာအရ သိရပါတယ်။ အဲဒီ ပင်ဂွင်း မျိုးစိတ်တွေထဲမှာတော့ မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အင်ပါယာ ပင်ဂွင်း အကြီးစားတွေလည်း ပါဝင်ပါတယ်။ ရာသီဥတု ပူပြင်းလာပြီး ပင်လယ်ထဲက ရေခဲတွေ အရည်ပျော်နှုန်း မြင့်မားလာတာမျိုး ပြဿနာတွေက နှစ်စဉ် အင်ပါယာပင်ဂွင်း ရာဂဏန်း အများအပြားကို ရေနစ်သေဆုံးစေကြောင်း သိရပါတယ်။

 

Ref: Reuters