အင်ဒိုနီးရှား စစ်တပ်ရဲ့ လက်နက်တိုက် မီးလောင်မှုဖြစ်ပွား

ဧပြီ၊ ၁

အင်ဒိုနီးရှား နိုင်ငံမှာ လက်နက်ရုံတခု အပြင်းအထန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်တပ်က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျကာတာ မြို့တော် ဆင်ခြေဖုံးမှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ သိုလှောင်ထားရာ ကုန်လှောင်ရုံတခု မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်စခန်း တခုနဲ့ ဆက်စပ်တည်ရှိနေရာ လက်နက်ရုံ မီးလောင်မှုကို မီးသတ်ကား အစီး ၃၀ လောက် ဝိုင်းဝန်းငြှိမ်းသတ်ပြီး မီးထိန်းနိုင်ခဲ့ကြောင်း စစ်တပ်က ဆိုပါတယ်။ 

ဒါပေမဲ့ မီးငြိမ်းသွားတာတောင်မှ လက်နက်ရုံတဝိုက် အပူပမာဏ လွန်ကဲနေတာကို လျှော့ချဖို့ ဆက်လက် လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

လက်နက်ရုံ မီးလောင်မှုနဲ့ ဆက်စပ်ပြီး ပေါက်ကွဲသံတွေကိုလည်း ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်တိုက် မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဂျာကာတာ စစ်ဌာနချုပ် အကြီးအကဲ မိုဟာမက် ဟာဆန်က အခုဖြစ်စဉ်မှာ ထိခိုက်သေဆုံးမှု မရှိခဲ့တာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

လက်နက်ရုံကို ဓာတ်အားသွယ်တန်းထားမှု မရှိတာကြောင့် ဝါယာရှော့ကြောင့် မီးလောင်တာ မဟုတ်နိုင်ပါဘူး။ စုံစမ်းရေး အရာရှိတွေက သက်တမ်းလွန် ခဲယမ်းမီးကျောက် တချို့ရဲ့ စိတ်မချရတဲ့ အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် အတိအကျ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

Ref: Jakarta Post